သူတို့အမြင်
အကယ်၍ ခေတ်သစ်သိပ္ပံပညာလိုအပ်ချက်များန
ှင့် ဖက်ပြိုင်သည့် ဘာသာရေးတစ်ခု ရှိခဲ့သည်ဆိုလျှင် ၄င်းသည် ဗုဒ္ဓဘာသာဖြစ်ပေလိမ့်မည်။
(Albert Einstein)

ကမ္ဘာပေါ်တွင် မည်သည့်ဘာသာသည် ကြီးကျယ်မြင့်မြတ်သော ဘာသာဖြစ်သည်ဆိုခြင်းကို မပြောလျှင်မဖြစ် ပြောပါဟု သင်က ကျွန်ုပ်အားတိုက်တွန်းခဲ့သော် ကျွန်ုပ်စိတ်ပါလက်ပါ စာနာထောက်ထားသောအားဖြင့် "ဗုဒ္ဓဘာသာသည် ကြီးကျယ်မြင့်မြတ်သောဘာသာဖြစ်
သည်" ဟု မဆိုင်းမတွအဖြေပေးရမည်ဖြစ်ပါသည်
(Rabindranath Tagroe)

သန့်ရှင်းသော နည်းနာနိဿယျနှင့် မြင့်မြတ်သော သင်ကြားမှုများမှာ တစ်စုံတစ်ရာသော အယူဝါဒကြီး တစ်ခုကမျှ အလွမ်းသင့်အောင် မဆောင်ရွတ်နိုင်သဖြင့် ဗုဒ္ဓဘာသာမှ ကူးယူကြရပေသည်။
(H.G. Wells)

ပြစ်မှုကျူးလွန်သူသည် ဘုရားသခင်ထံတောင်းပန် အသနားခံရန် ဆုတောင်းဝတ်ပြုကြိုးစားမှုတိြု့
ဖင့် အကုသိုလ်ဆိုးကျိုးမှ လွတ်မြောက်နိုင်သည်ဟု ဗုဒ္ဓဘာသာဝင်အစစ်တို့က မယုံကြည်ချေ။
(John Walters)

ကျွန်ုပ်တို့ တတွေသည် ရုပ်ဝတ္ထုကြွယ်ဝမှု ၀ိုင်းဝိုင်းလည်နေသည့်ကြားတွင် စိတ်ဓာတ်ရေးရာအားဖြင့် ချွတ်ခြုံကျနေကြရပါသည်။ ရုပ်ဝတ္ထုကြွယ်ဝသော်လည်း စိတ်ချမ်းသာမှု အမှန်တကယ် ရရန်အတွက် ဗုဒ္ဓ၏ ကျင့်စဉ်ကို ကျင့်ကြံအားထုတ်ကြည့်ဖို့ သင့်လှပါသည်။ ဗုဒ္ဓကျင့်စဉ်သည် စိတ်ချမ်းသာမှုကို အမှန်တကယ် ဖြစ်စေနိုင်ပါသည်။
(John Walters)

သက်ရှိသတ္တ၀ါများကို မညှင်းဆဲရန် နတ်ဘုရားများအထံဝယ် ဆုတောင်းပတ္တနာပြုခြင်း၊ ဘုန်းတော်ဘွဲ့များ ရွတ်ဆိုခြင်း၊ ယစ်ပူဇော်ခြင်းများကို မပြုလုပ်ရန် ဗုဒ္ဓသည် လူ့သမိုင်းတွင် အဦးဆုံး အပြစ်ပြ၍ ဆုံးမပဲ့ပြင်ခဲ့သည်။
(Prof. Phys Davids)

မည်သည့်ဘာသာကိုမျှ ကျွန်ုပ် လက်ခံယုံကြည်နိုင်ခြင်းမရှိပါ။ သို့သော် ကမ္ဘာ့ဘာသာကြီးများအနက် တစ်စုံတစ်ခုသော ဘာသာကိုလက်ခံရန် အကြောင်းများပေါ်လာခဲ့သော် မိမိလက်ခံနိုင်မည့် ဘာသာတရားမှာ "ဗုဒ္ဓဘာသာ" ဖြစ်ပါသည်။
(Bertrand Russell)

ဗုဒ္ဓသည် ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုဆိုင်ရာ ဘုရားသခင်(သို့) နတ်ဘုရားများ၏ ကူညီမှု မြူတစ်စိမျှ မပါဘဲ လူတိုင်းကိုယ်တိုင်ရယူနိုင်သည့် လွတ်မြောက်ရေးကို ကမ္ဘာ့သမိုင်းတွင် အဦးဆုံး ထုတ်ဖေါ်ကြေငြာခဲ့သည်။
(Prof. Eliot)

ဗုဒ္ဓသည် ဘာသာပြောင်းသူများကို အနိုင်ယူရန် တရားဟောခြင်းမဟုတ်ပဲ တပည့်သာဝကတို့ကို အသိဉာဏ်အလင်း ရရှိစေရန် တရားဟောခြင်းဖြစ်သည်။

ကိုယ့်ကိုယ်ကိုမနှိပ်စက်ပါနဲ့
ကျွန်မဘ၀အတွက် အဘိုးတန်ဆုံးသော သြ၀ါဒစကားကို လွန်ခဲ့သော ၁၀နှစ်ခန့်က ကျွန်မ ကြားနာခဲ့ရသည်။ ဆုံမစကားပြောကြားသည့် ပုဂ္ဂိုလ်က ကမ္ဘာ့အကြီးမြတ်ဆုံး လူသားတစ်ဦးဖြစ်သူ မဟတ္တမဂန္ဒီ ဖြစ်သည်။
လူဆိုသည်က လူသားအချင်းချင်းအပေါ် မယုံကြည်နိုင်စရာ ဖြစ်လာရသည့်အခါမျိုးတွင် အကြီးအကျယ် စိတ်ပင်ပန်းဆင်းရဲ ရမြဲဖြစ်ပါသည်။ အဲဒီအချိန်က ကျွန်မလည်း အဲဒီ အနေအထားမျိုး ကြုံကြိုက်ခဲ့ရသည်။
ခင်ပွန်းသည်က မကြာခင်ကမှ ကွယ်လွန်သွားခဲ့ပါသည်။ သွားလေသူအတွက် ပူဆွေးသောကတွေ ကြီးမား နေဆဲမှာပင် ကျွန်မဘ၀ကို ချိုးနှိမ်ပစ်လိုက်သည့် ကိစ္စကြီးတစ်ခု ထပ်ဆင့်ပေါ်ပေါက်လာပါသည်။
အိန္ဒိယနိုင်ငံဥပဒေ၏ ရှေ့မှောက်၌ ကျွန်မမှာ တသီးပုဂ္ဂလရပ်တည်ပိုင်ခွင့် မရှိဆိုတာ ဘွားကနဲ တွေ့လိုက်ရခြင်းဖြစ်သည်။ အခြားသော အိန္ဒိယတိုင်းရင်းသူများစွာနည်း
တူ ကျွန်မလည်း နိုင်ငံလွတ်လပ်ရေး လှုပ်ရှားမှုကြီးတွင် ယောက်ျားများနှင့် ရင်ဘောင်တန်းပြီး ဒုက္ခဆင်းရဲခံကာ ပါဝင်ခဲ့ပါသည်။ သို့သော် ဒီအရေးကိစ္စကြီး ထမြောက်အောင်မြင်ပြီဆိုသည့်အချိန်၌ ကျွန်မတို့မိန်းမတွေက တရားဥပဒေကိစ္စနှင့် ပတ်သက်လာလျှင် ယောက်ျားများနှင့် ဆက်စပ်၍သာ စဉ်းစားဆုံးဖြတ်ခံရသည့် အခြေအနေမှာပဲ ဆက်လက်တည်ရှိဆဲ ဖြစ်နေသည်။ ယခု ကျွန်မက သားယောက်ျား မွေးမထားသည့် မုဆိုးမတစ်ဦး ဖြစ်သွားပြီ ဆိုသည့်အခါ မိသားစုပိုင် ပစ္စည်းများကို ကျွန်မ တစိုးတစိမျှပင် ဆက်ခံပိုင်ဆိုင်ခွင့် မရှိတော့။ ကျွန်မသာမဟုတ် ကျွန်မသမီးသုံးယောက်သည်လည်း လုံးဝ ခံစားပိုင်ခွင့်မရှိ။
ဒီလောက် မတရားဖြစ်ရကောင်းလားဟု ကျွန်မ အကြီးအကျယ်ဒေါသထွက်မိသည်။ ဒီလိုခေတ်နောက်ကျလှသည့် ဥပဒေမျိုးကို နှစ်သက်လက်ခံနေသည့် ကျွန်မ မိသားစု အသိုင်းအ၀ိုင်းကိုလည်း ကျွန်မတကယ် နာကြည်းသွားခဲ့သည်။ အဲဒီအချိန်လောက်မှာ ကျွန်မ ဂန္ဒီကြီးနှင့် တွေ့ဆုံခဲ့သည်။ အမေရိက မှာကျင်းပသည့် ပစိဖိတ်ဆက်ဆံရေး ကွန်ဖရင့်သို့ တက်ရောက်ရန် မထွက်ခွါမီ ကျွန်မသွားရောက် နှုတ်ဆက် ဂါရ၀ပြုခြင်းဖြစ်သည်။ နိုင်ငံရေးကိစ္စပြောဆိုပြီးသော
အခါ သူက မေးသည်။
"ဆွေမျိုးတွေနဲ့ သင့်သင့်မြတ်မြတ် ပြန်ဆက်ဆံဖြစ်ပြီလား" တဲ့။
ရုတ်တရက် ကျွန်မ အံ့အားသင့်သွားသည်။ သူ ကျွန်မနှင့် ဆန့်ကျင်ဘက် ရပ်တည်လိမ့်မည်ဟု ကျွန်မ လုံးဝ မယူဆခဲ့။
"ကျွန်မ ဘယ်သူနဲ့မှ ရန်မဖြစ်ပါဘူး၊ ဒါပေမယ့် အဲဒီခေတ်နောက်ပြန်ဆွဲတဲ့ ဥပဒေဟောင်းကြီးကို ခုတုံးလုပ်ပြီး ကျွန်မကို အမြတ်ထုတ်တဲ့ လူတွေ၊ ကျွန်မ ဒုက္ခရောက်အောင် နိမ့်ပါးအောင်လုပ်ကြတဲ့လူတွေနဲ့
တော့ ကျွန်မ လုံးဝ အဆက်အဆံလုပ်မှာ မဟုတ်ဘူး"
ကျွန်မဖြေကြားချက်ကို နားထောင်ပြီး သူတစ်ဖက်လှည့်သွားသည်။ ပြတင်ပေါက်မှ အပြင်သို့ အတန်ကြာငေးနေသည်။ ထို့နောက် ကျွန်မဘက်သို့လှည့်ကာ ပြုံး၍ စကားဆိုသည်။
"ဘာပဲဖြစ်ဖြစ် သူတို့ဆီတော့ သွားပြီးနှုတ်ဆက်လိုက်ပါ၊ ယဉ်ကျေးမှုနဲ့ လူမှုကျင့်ဝတ်အရ လုပ်ရမယ့် ကိစ္စပဲ၊ တို့အိန္ဒိယမှာ ဒီအလေ့အကျင့်လေးတွေ တန်ဘိုးထားကြတုန်းဘဲကွဲ့"
"ဟင့်အင်း - ကျွန်မကို ဒုက္ခပေးချင်တဲ့ လူတွေဆီတော့ ဘဘကြီးကျေနပ်အောင်လည်း ကျွန်မ မသွားနိုင်ဘူး"
ကျွန်မ အပြတ်ငြင်းသည်။
" မင်း ကိုယ်တိုင်ကလွဲပြီး ဘယ်သူမှ မင်းကို ဒုက္ခမပေးနိုင်ပါဘူးကွဲ့"
ဂန္ဒီကြီးက ပြုံး၍ပင်ပြောသည်။
"မင်း ရင်ထဲမျာ အာဃာတတွေ သိပ်များနေတာ ဘဘမြင်နေရတယ်၊ ဒါတွေကို မထိန်းချုပ်နိုင်ရင် မင်းမှာ အန္တရာယ်ဖြစ်လာမယ်"
ကျွန်မနှုတ်ဆိတ်နေသည့်အခါ သူက ဆက်ပြောသည်။
"မင်း --- အခုဒီမှာ စိတ်မချမ်းသာဘူး၊ ဒီပတ်ဝန်းကျင်နဲ့ဝေးချင်တယ်၊ အဲဒါကြောင့်မို့လို့ တိုင်းပြည်အသစ် တစ်ခုကို သွားမှာမဟုတ်လား၊ ဒါပေမယ့် ဒီလူတွေဆီကသာ လွတ်မြောက်နိုင်မယ်၊ မင်းကိုယ်တိုင်ဆီက မင်းလွတ်မြောက်နိုင်မလား၊ ရင်ထဲမှာ ဒေါသအာဃာတတွေ ရှိနေတဲ့လူဟာ အပြင်မှာ ချမ်းသာသုခ ရှာတွေ့ နိုင်ပါ့မလား၊ ပြန်စဉ်းစားကြည့်ပါဦး၊ နည်းနည်းလေးတော့ လျော့လိုက်ပါ၊ မင်းမှာ ချစ်တဲ့သူတစ်ယောက် ဆုံးရှုံးခဲ့ရတယ်၊ ဒါနဲ့တင်ပဲ ၀မ်းနည်းပူးဆွေးခဲ့ရပြီပဲ၊ ကိုယ့်ကိုယ်ကို ဘာလို့ ဆင်းရဲဒုက္ခထပ်ပေးနေဦးမှာလဲ၊ ကိုယ်နှလုံးသားကို ဖွင့်ပစ် ဆေးကြောပစ်ဖို့ သတ္တိမမွေးနိုင်ရင် ကိုယ်ပဲ ဆက်ပြီးထိခိုက် နာကျင်နေဦးမှာပဲ"
သူ့စကားတွေ ကျွန်မနားထဲ စွဲကျန်ခဲ့သည်။

ဒီစကားတွေကြောင့် ယောက်ယက်ခတ်ကာ ကျွန်မရင်ထဲ မငြိမ်းအေးနိုင် ဖြစ်နေရသည်။ ရက်အတန်ကြာအောင် တစ်ယောက်တည်း အကျောက်အကန် ငြင်းခုန်ဝေဖန်နေပြီးသည့်နောက် ကျွန်မ ခဲအိုဆီသို့ တယ်လီဖုန်းဆက်ဖြစ်သည်။ ကျွန်မ နိုင်ငံခြားသို့ မထွက်ခွါမီ သူတို့မိသားစုကို လာရောက်နှုတ်ဆက် ချင်ပါသည် ဟူ၍။
ကျွန်မသူတို့နှင့် တွေ့ရပြီး ငါးမိနစ်မပြည့်မီမှာပင် ကျွန်မလာရောက်သည့်အတွက် သူတို့အားလုံးမှာ စိတ်သက်သာ ပေါ့ပါးမှုရသွားကြကြောင်း ကျွန်မသတိပြုမိလိုက်ပါသည်။ ကျွန်မအစီအစဉ်တွေ ဖွင့်ဟပြောဆို ပြီးနောက် ကျွန်မဘ၀၏ ကဏ္ဍသစ်အတွက် အောင်မြင်စေကြောင်း ဆုမွန်ကောင်း တောင်းပေးကြရန် သူတို့ကို ပြောဖြစ်သည်။ ဒီလိုတွေ့ဆုံပြောဆိုဖြစ်လိုက်မှု
၏ အကျိုးသက်ရောက်မှုက ကျွန်မကိုယ်တိုင်အတွက် တကယ် သိသိသာသာကြီးဖြစ်ပေါ်ခဲ့သည်။ ကျွန်မအပေါ်ဖိစီးနေသည့် ၀န်ထုပ်ဝန်ပိုးကြီးတစ်ခု ကျသွားသလို ခံစားလိုက် ရသည်။ ရင်ထဲမှာ ရှင်းလင်းပေါ့သွားပြီး လွတ်လွတ်လပ်လပ် အရင်လို ကိုယ့်စိတ်နှင့်ကိုယ့်ကိုယ် ပြန်ဖြစ်လာခဲ့သည်။
ဆွေမျိုးများနှင့် ပတ်သက်သည့် အဲဒီအပြုအမူကလေးသည် နောက်ကျွန်မ၌ ဖြစ်ပေါ်လာမည့် သိသာ ထင်ရှားသော ပြောင်းလဲမှုများအတွက် ရှေ့ပြေးဖြစ်ခဲ့သည်။ နောက်တစ်နှစ်ခွဲအကြာတွင် ကျွန်မ နယူးယောက်မြို့၌ ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယကိုယ်စားလှယ်အဖွဲ့၏ ခေါင်းဆောင်အဖြစ် ရောက်ရှိနေ ပါသည်။ အဲဒီအချိန် ကျွန်မတို့အတွက် အရေးကြီးနေသည့် ပြဿနာက တောင်အာဖရိကနိုင်ငံ၌ ရှိနေသည့် အိန္ဒိယနွယ်ဖွားများအပေါ် ၄င်းနိုင်ငံ၏ ဆက်ဆံနေပုံများဖြစ်သည်။ ဒီကိစ္စနှင့်ပတ်သက်၍ သူတို့ဘက်ကရော ကျွန်မတို့ဘက်ကပါ စကားတွေရင့်ရင့်သီးသီး ပြောခဲ့ကြပြီးဖြစ်၏။ ဆန့်ကျင်ဘက်ပုဂ္ဂိုလ်တွေက အိန္ဒိယ၏ ဂုဏ်သိက္ခာကိုရော ကျွန်မကိုယ်တိုင်ကိုပါ ထိခိုက်စော်ကားသည့် စကားတွေ ပြောကြသည့်အခါ ကျွန်မ တစ်ခွန်းမခံ၊ အလားတူ စူးရှပြင်းထန်သော စကားလုံးများဖြင့် ပြန်လှန်ထိုးနှက် တိုက်ခိုက်ခဲ့သည်။
အဲသလို အပြန်အလှန် စိတ်မချမ်းမသာစရာ စကားစစ်ထိုးပွဲတစ်ခု ဆင်နွှဲခဲ့ပြီးနောက်တွင်မှ ဂန္ဒီကြီး ပြောခဲ့ဖူးတာတွေ ကျွန်မသတိရသွားသည်။ သူဆိုလျှင် သဘောတူပါ့မလား၊ ကျွန်မတွေးမိသည်။ သူက ဘယ်ကိစ္စမဆို လုပ်နည်းလုပ်ဟန်နှင့် အကျိုးရလာဒ်သည် တန်းတူပင် တန်ဘိုးရှိသည်ဟု မြင်သူဖြစ်သည်။ ရေရှည်အဖို့ဆိုလျှင် လုပ်နည်းလုပ်ဟန်ကပင် ပို၍အရေးကြီးသေးသည်ဟု သူမြင်သည်။ ယခုကိစ္စများတွင် အဆုံးသတ်၌ ကျွန်မတို့နိုင်သည်ပဲထားဦး ကိုယ်ရည်မှန်းသော အရာကိုရအောင်ယူသည့်နေရာ၌ ကျွန်မတို့ ကျင့်သုံးသောနည်းက အိန္ဒိယ၏ဂုဏ်သိက္ခာကို အနည်းနှင့်အများ ထိခိုက်စေမည့် နည်းလမ်းမျိုး ဖြစ်နေလျှင် ဘယ်လိုလုပ်မလဲ။
အဲဒီည အိပ်ရာမ၀င်မီ ကျွန်မ ဆုံးဖြတ်ချက်တစ်ခု ချဖြစ်သည်။ ဘယ်လိုအနေအထားမျိုးနှင့် ရင်ဆိုင်ရသည် ဖြစ်စေ ကုလသမဂ္ဂတွင် ကျွန်မပြောသည့် စကားများသည် ပေါ့ပေါ့တန်တန် ကရော်ကမည် စကားမျိုးမဖြစ်စေရ ဟူ၍။
အဲဒီနောက်တွင်တော့ ကျွန်မက စကားစစ်ထိုးပွဲကို ပြဿနာနှင့် တကယ်ပတ်သက်သည့် အကန့် အသတ်ဘောင်အတွင်း၌သာ ပြောတော့သည်။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေကို လုံးဝ လက်တုန့်မပြန်နေတော့ လက်ခုပ်သြဘာသံတွေ တန်ဘိုးမရှိသည့် အမှတ်တွေရဖို့ လုံးပမ်းမနေတော့။
ဒီအခါမှာတော့ တစ်ဖက်လူများကလည်း ကျွန်မတို့ကို အဆင့်အတန်းရှိစွာ ပြန်လည်တုန့်ပြန်လာသည်။ သို့နှင့် နောက်ပိုင်းတွင် ပြဿနာကို ဓမ္မဓိဋ္ဌာန်ကျစွာ ကျိုးကြောင်းစိစစ်၍ ဝေဖန်ဆွေးနွေး နိုင်လာကြသည်။ ဆွေးနွေးပွဲနောက်ဆုံးနေ့တွင် ကော်မတီစည်းဝေခန်းမှ ပြန်ထွက်မလာမီ တစ်ဖက်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်ထံသို့ ကျွန်မသွား၍ စကားပြောသည်။
"စကား အခြေအတင်ပြောရင်းနဲ့ ကျွန်မ လူကြီးမင်းကို အပြုအမူအားဖြင့်ဖြစ်စေ၊ စကားလုံး အသုံးအနှုန်းအရ ဖြစ်စေ ထိခိုက်နစ်နာအောင် လုပ်မိခဲ့တာရှိရင် ခွင့်လွှတ်ဖို့ ကျွန်မလာပြီး တောင်းပန်တာပါ"
ဟုဆိုသည့်အခါ သူက ကျွန်မလက်ကို လှိုက်လှဲစွာ ဆွဲကိုင်လှုပ်ယမ်းရင်း -
"ဘာမှ အပြစ်ပြောစရာမရှိပါဘူးဗျာ" ဟုဆိုလေသည်။
၎င်းပုဂ္ဂိုလ်နှင့် သင့်မြတ်ပြေလည်မှုရခြင်းသည် တန်ဘိုးရှိပါသည်။ သို့သော် ကျွန်မကိုယ်တိုင်နှင့် ကျွန်မ သင့်မြတ်ပြေလည်သွားခြင်းက ပို၍ တန်ဘိုးရှိလှပါသည်။
ဂန္ဒီကြီး၏ သြ၀ါဒစကားက ကျွန်မကို ကျွန်မကိုယ်တိုင်၏ရန်မှ နောက်တစ်ကြိမ် ကယ်တင်လိုက်ခြင်း ဖြစ်ပါသည်။ သူ့သြ၀ါဒက ကျွန်မအား ကိစ္စကြီးများ၌သာမက ကိစ္စသေးသေးများမှာပါ အတိုင်းအတာ အနေအထားတွေ သတိပြုတတ်အောင် ထိန်းသိမ်းထောက်ကူပေးခဲ့သည်။
ကျွန်မ မကြာခဏ မက်တတ်သည့် အိပ်မက်ဆိုးတစ်ခု ရှိသည်။
အမျိုးသမီးတော်တော်များများလည်း ကျွန်မနည်းတူ ခံစားဖူးကြမည် ထင်ပါသည်။ အရေးကြီးသော ဧည့်သည်တစ်ယောက် အိမ်ကိုညစာစား ဖိတ်ထားသည်။ ဧည့်သည်တွေ ရောက်လာကြသည်။ အစားအသောက်တွေ တည်ခင်းကျွေးမွေးရတော့မည်။ သို့သော် ဘာဟင်းမှ အဆင့်သင့်မဖြစ်သေး။ လူတစ်ကိုယ်လုံး ဇောချွေးတွေပြန်ပြီးနောက် အိပ်ရာက နိုးလာသည်။ ဒီတော့မှ အိပ်မက်ပဲဟု သိပြီး စိတ်သက်သာသွားမည်။
များမကြာမီကတော့ အဲဒီအိပ်မက်ထဲကလို အနေအထားမျိုး ကျွန်မအပြင်မှာ တကယ်ကြုံလိုက်ရသည်။ ကျွန်မဖိတ်ကြားထားသည့် ဂုဏ်ထူဆောင်ဧည့်သည်များက ဗြိတိသျှဝန်ကြီးချုပ် မစ္စတာအီဒင်နှင့် ဇနီး လေဒီအီဒင်။ ဗြိတိန်နိုင်ငံမှာ အိန္ဒိယပြည်၏မဟာမင်းကြီးအဖြစ် တာဝန်ထမ်းဆောင်နေသော ကျွန်မအဖို့ ဒီဝန်ကြီးချုပ် ဇနီးမောင်နှံထက် အရေးကြီးသော ဧည့်သည်မရှိနိုင်တော့ပါ။ ဒီပွဲအတွက် အစားအသောက် စာရင်းမှသည် စားပွဲပေါ်တွင် သူ့အရောင်အသွေးအလိုက် စီစဉ်နေရာချမည့် ပန်းများ၊ ထွန်းညှိမည့် ဖယောင်းတိုင်များအထိ အစီအစဉ် အသေးစိတ်တွေ တိကျသေချာအောင် ရေးဆွဲပြင်ဆင်ခဲ့ပါသည်။
ဧည့်သည်များရောက်လာသည်။ အဖျော်ယမကာတွေ နှစ်ကြိမ်ထည့်ပေးပြီးပြီဆိုသည့်
အခါ ဘဏ္ဍာစိုး အားညစားကြေညာရန် ကျွန်မ အချက်ပြလိုက်သည်။ ဒီနောက် အစားအသောက်တွေ စောင့်မျှော် နေကြသည်။ သို့သော် ရောက်မလာ၊ အဖျော်ယမကာသာ တတိယအကြိမ် ဖြည့်တင်းပေးပြန်သည်။ ကျွန်မ မနေနိုင်တော့၊ ဧည့်သည်များထံ ခွင့်ပန်ကာ မီးဖိုချောင်ထဲ ကသောမျောပါး ပြေးလာခဲ့သည်။
မီးဖိုခန်းထဲမှာ မြင်ရသည့်မြင်ကွင်းကြောင့် ကျွန်မ အံ့အားသင့်သွားသည်။ ထမင်းချက် အကူမိန်းကလေး ကအခန်းထောင့်တစ်နေရာမှာ မျက်စိပျက် မျက်နှာပျက်လျက် ရပ်နေသည်။ အိမ်ဖော်အမျိုးသမီးကြီးကတော့ နောက်တစ်ထောင့်မှာ။ ကျွန်မ၏ စားဖိုမှူးကတော့ စားပွဲမှာထိုင်ကာ လက်က ဟင်းချိုဇွန်းကို ဝှေ့ယမ်းလျက် ခြေထောက်က စည်းချက်လိုက်လျက် သီချင်းဆို၍နေသည်။ သူ့မျက်လုံးတွေက ရီဝေကာ စိတ်အာရုံများ ကတော့ဘယ် ကမ္ဘာဆီရောက်နှင့်လေသည်မသိ။ စားပွဲပေါ်တွင်ကား ကြက်သားတုံးတွေ ပြန့်ကျဲလျက် ရှိသည်။ ကျွန်မ ခြေတွေလက်တွေ မသယ်နိုင်အောင် ဖြစ်သွားသည်။ သို့သော် တတ်နိုင်သမျှ အသံမှန်အောင် ထိန်းရင်းမေးသည်။
"ညစာ ဘာဖြစ်လို့ အဆင်သင့် မဖြစ်သေးတာလဲ"
"ပြီးနေပါပြီဆရာမ၊ အားလုံး အဆင်သင့် ဖြစ်နေပါပြီ"
စားဖိုမှူးက အရှိန်မသေသေး၊ သီချင်းဆိုသံနှင့်ဖြေသည်။
"အားလုံး အဆင်သင့်ဖြစ်နေပါပြီ၊ ထိုင်ကြပါ၊ အားလုံးထိုင်ကြပါ"
အာလေးလျှာလေးသံနှင့် စာဖိုမှူးပြောသည်။
ကျွန်မ အကြီးအကျယ် ဒေါသထွက်သွားသည်။
"ရှင်- အခုချက်ချင်း ထွက်သွားစမ်း၊ ရှင့်ကိုထုတ်လိုက်ပြီ"
ဟူသောစကားကို ကျွန်မအော်ပြောမိတော့မည့်ဆဲဆဲ၊ လျှာဖျားလေးပေါ်ရောက်နေပြီ။ ဒီအခိုက်ကလေးမှာပင် ကျွန်မကို စိတ်တည်ငြိမ်အောင် အကြိမ်ကြိမ်ထိန်းပေးနိုင်ခဲ့သည်
့ သြ၀ါဒစကားကို ကျွန်မချက်ချင်း အမှတ်ရလိုက်သည်။ ငါဒီနေရာမှာ ဒေါသမထိန်းနိုင်ရင် ငါပဲ အကျပ်အတည်းကြုံရမှာဟု ကျွန်မသဘောပေါက်လိုက်သည်။ ကိုယ့်ကိုယ်ကို တတ်နိုင်သလောက် တည်ငြိမ်အောင်ထိန်းပြီး -
"ကဲ - တစ်ခုခု မြန်မြန်လေး ပေးနိုင်အောင် လုပ်ကြစမ်းပါ"
ဟူ၍သာ တိုက်တွန်းလိုက်ရသည်။ အားလုံး အလျင်အမြန်လှုပ်ရှားလိုက်ကြသည်။ ဟင်းပွဲတွေတည်ခင်းသည့် အခါ မူလကပေးထားသည့် Menu နှင့်သိပ်မကိုက်ညီသဖြင့် တောင်းပန်ရသည်။ သို့သော် မီးဖိုချောင်မှ ဖြစ်ပျက်ပုံကို ပြောပြသည့်အခါမှာတော့ ဧည့်သည်များထံမှ အံ့သြသံတွေ တစ်ပြိုင်နက်တည်း ထွက်လာကြ သည်။
"အရက်မူးနေတာတောင် ဒီလောာက်ကောင်းအောင် ချက်နိုင်တယ်ဆိုတော့ မူးများ မမူးရင် ဘယ်လိုများနေ လေမလဲမသိဘူး"
တစ်ယောက်ကဆိုသည်။ ကျွန်မ စိတ်သက်သာယာရသွားပြီး ရယ်လိုက်သည့်အသံက ငိုသံထွက်နေသလိုလို။ ဘာပဲဖြစ်ဖြစ် ဒီအခြေအနေမှာ ကယောက်ချောက်ချားမဖြစ်အောင်တော့ ကျွန်မထိန်းနိုင်ခဲ့သည်။ ညစာစားပွဲ ဟူသည် ဘယ်လောက်အရေးကြီးတယ်ဆိုစေ သေရေးရှင်ရေးလောက်အထိတော့ လုံးဝ မဟုတ်ဆိုတာ ကျွန်မ သဘောပေါက်လိုက်မိပါသည်။
ကိစ္စတစ်ခု၏ အတိုင်းအတာ အကန့်အသတ်ကို သိတတ်ရေးသည်လည်း နှလုံးသားတွင်း၌ ဒေါသအာဃာတ ကင်းစင်ရေးနည်းတူ အရေးကြီးလှပါသည်။
"မင်းကိုယ်တိုင်ကလွဲပြီး ဘယ်သူမှ မင်းကိုဒုက္ခမပေးနိုင်ပါဘူး"
ဟူ၍ မဟတ္တမဂန္ဒီကြီး ဆုံးမပြောဆိုခဲ့သည်။ သူ့သြ၀ါဒစကားက ကျွန်မအတွက်သာမက အခြားမည်သည့် အလုပ်အကိုင်မျိုးရှိသူအတွက်မဆို အဖိုးတန်သောစကား၊ အနက်အဓိပ္ပါယ်ပြည့်ဝသောစကား ဖြစ်ချေသည်။

0 comments:

Post a Comment

thank you for your comment