အစားအသောက်တွေ များလာသော အချိန်အခါတွင် ကျွန်တော်တို့သည် အကောင်းဆုံးတွေကို သိထားမှ တော်ရုံကြမည်။ ဖြစ်နိုင်လျှင် ထိုအကောင်းဆုံးတွေထဲကပင် လှည့်ပတ်စားသင့်သည်။ အကောင်းဆုံး အစားအသောက်တွေ ဘာတွေလဲ။ ကြည့်ကြရအောင် -

#

ရောင်ရမ်းမှုကို တိုက်ခိုက်သူများ

ရောင်ရမ်းခြင်းဆို၍ တံတောင်ဆစ်ရောင်တာလောက်ကိုသာ ဆိုလိုခြင်းမဟုတ်။ Harvard School of Public Health မှ လေ့လာမှုတစ်ခုတွင် ဘယ်လိုရောင်ရမ်းမှုမဆို ကင်ဆာဖြစ်နိုင်ခြေနှင့် ဆက်စပ်လျှက်ရှိကြောင်းတွေ့ရသည်။ အောက်ပါအစားအစာများကို အသင့်ပြင်ထားပါ။ ဒါမှသာ ကျွန်တော်တို့ ကျန်းမာရေးကြီး ရောင်ရမ်း မနေမှာဖြစ်၏။

၁။ ဂျုံ၊ စပါး

ဂျုံယာဂု၊ ထမင်း၊ ဆန်လုံးညို၊ ဘာလီ၊ ဂျုံမှုန့် စသည့် ကာဗိုဟိုက်ဒရိက်များသည် နှလုံးကို သန်မာစေပြီး အူမကြီးများကို ကျန်းမာစေလျှက်က အရောင်ရမ်းနေသော တစ်ရှုးများကို ငြိမ်သက်စေသည့် အားသာချက်လည်း ရှိပေသည်။

၂။ ချောကလတ် (Dark chocolate)

သူ့တွင်ပါဝင်သော flavonoids သည် လေဖြတ်ခြင်းကို ကာကွယ်နိုင်သည်။ သို့သော် ၎င်းတွင် ပြဿနာက ကယ်လိုရီတွေ များနေခြင်းဖြစ်သည်။ အများကြီးစားလို့တော့မဖြစ်။ “တစ်နေ့ကို ချောကလတ် ဘားတိုလေး တစ်ချောင်းလောက်ဆို လုံလောက်ပါပြီး” ကယ်လီဖိုးနီးယား တက္ကသိုလ် အာဟာရဗေဒဌာနမှ Susan Bowerman က ဆိုသည်။

၃။ နနွင်း(စနွမ်း)

နနွင်းတွင် ပါဝင်သော Curcumin သည် စူးရှသော အရသာနှင့် အရောင်ကို ပေးပြီး အလုံးအကြိတ်များကို တားဆီးသော အရည်အချင်းရှိသည်။ ကယ်လီဖိုးနီးယားတက္ကသိုလ်တွင် ၎င်းသည် အယ်လ်ဇိုင်းမား ရောဂါဖွံဖြိုးမှုကို နှောင်းနှေးစေသည်ဟုလည်း တွေ့ခဲ့သည်။ ထို့ကြောင့် ကျွန်တော်တို့ ပါပရာကြော်ကို မမေ့သင့်ပါ။

၎။ အဆီများသော ငါး

ငါးတွင် ဦးနှောက်ကို ရောင်ရမ်းခြင်းမှ ကာကွယ်သည့် omega 3 fatty acids များနှင့် ပြည့်လျှက်ရှိသည်။ “သို့သော် မွေးမြူရေးငါးများကိုတော့ ရှောင်ပါ။” Bowerman က ဆိုခဲ့သည်။ ”သူတို့တွင် မကောင်းသော omega 6 fatty acids များ ပါဝင်တတ်သည်။”

၅။ ချယ်ရီသီးများ

ချယ်ရီသီးများနှင့် လုပ်ထားသော မုန့်များကို တစ်ခုစီ စားနေခြင်းသည် ချယ်ရီသီးများကို အကောင်းဆုံးနည်းဖြင့် စားသုံးနေခြင်းမဟုတ်။ US departement of Agriculture မှ ပြသည်မှာ တစ်နေ့ကို ချယ်ရီသီး ၄၅ လုံး စားသုံးခြင်းသည် အရွတ်ရောင်ခြင်း၊ အရိုးရောင်ခြင်းနှင့် ဂေါက်ရောဂါဖြစ်ပွားမှုများကို လျော့နည်းစေသည်ဟူ၍။

၆။ ပန်းသီး

အများသိကြသည့်အတိုင်း ပန်းသီးသည် အစွမ်းထက်၏။ တစ်နေ့ကို ပန်းသီးတစ်လုံးစားခြင်းသည် ကျွန်ူပ်တို့ကို quercetin ဆိုသည့် ဓာတ်များဖြင့် ဖြည့်ဆည်းပေးထားသည်။ ၎င်းသည် ရောင်ရမ်းမှုကို နည်းပါးစေသည်။ ဓာတ်မတည့်မှုများ၊ အယ်လ်ဇိုင်းမား၊ ပါကင်ဆန်နှင့် အဆုတ်ကင်ဆာ ဖြစ်ပွားနှုန်းကို လျော့နည်းစေသည်။

၇။ သံလွင်ဆီ

ဈေးသက်သာသော်လည်း အကျိုးအမြတ်က မနည်းပါ (စားသုံးဆီ အနေနှင့် သံလွင်ဆီကို ဆိုလိုခြင်းဖြစ်သည်)။ “fatty acidsနှင့် polyphenols တို့သည် ဆဲလ်များနှင့် အဆစ်များမှ ရောင်ရမ်းမှုကို လျော့ကျစေသည်။” ဟု health and fitness coach Lynn Grieger (lynngrieger.com) က ဆိုခဲ့သည်။ သုတေသနများတွင် သံလွင်ဆီသည် ရောင်ရမ်းမှုကို ကျစေရာတွင် အကိုက်အခဲပျောက်ဆေး၊ အရောင်ကျဆေး ibuprofen နီးနီး အကျိုးသက်ရောက်သည်ကို တွေ့ခဲ့ကြသည်။

၈။ မက်မွန်သီး

ဆေးကုမ္ပဏီများကနေ ၎င်းကို ထုတ်ပိုးပြီး ဆေးအဖြစ်တောင် ရောင်းသင့်သော အသီး ဖြစ်သည်။ သူတို့သည် သွေးတွင်း ကိုလက်စထရောကို ကျစေပြီး သွေးအချိုဓာတ်ကို ထိန်းညှိပေးသည်။ သူတို့တွင် ပါဝင်သော အမိုင်နိုအက်ဆစ်သည် တက်စထရိုစတီရုန်းဓာတ်ကိုလည်း တိုးမြင့်စေသည်။ ”အခွံမခွာဘဲ စားပါ။ antioxidant (ကင်ဆာတိုက်ဖျက်သော ဓာတ်) ပိုမိုရရှိမည်ဖြစ်သည်။” ဟု Bowerman က ဆိုခဲ့သည်။

၉။ နှမ်းစေ့

ငါးတစ်ကောင်တည်းစားရမှာထက် ပိုပြီး ကောင်းသော အဆီဓာတ်များရလိုလျှင် နှမ်းများကနေ ယူပါ။ “သူတို့သည် ကိုယ့် ဦးနှောက်အတွက် ကောင်းစေပြီး ဆန်ဂျုံများနှင့် ရောလျှင် အရသာလည်း ကောင်းစေသည်။” Andrew ကဆိုသည်။ တစ်နေ့ကို ၁၀ ဂရမ်လောက်တော့ ရအောင်စားပါ။

၁၀။ နာနတ်သီး

ဗီတာမင်များ၊ antioxidants များနှင့် အင်ဇိုင်းများ ပေါင်းစပ်ပါဝင်ထားသော ဤအသီးသည် အစွမ်းထက်လှသော အရောင်ကျဆေးကြီးဖြစ်သည်။ “သူတို့သည် အမြင်အာရုံချို့ယွင်းခြင်း၊ အရိုးအဆစ်ရောင်ရမ်းခြင်းနှင့် အူမကြီး ကင်ဆာတို့ကို ကာကွယ်ပေးသည်။” ဟု Greiger ကဆိုသည်။

အရိုးတည်ဆောက်သူများ

ကိုယ့် အိုဟောင်းလာပြီဖြစ်သော အရိုးများသည် အတော်ကို သုံးခဲ့ရပြီဟု ကျွန်ူပ်တို့ယူဆမိလျှင် ထိုအတွေးသည် မှန်နေသည်။ ဘယ်လ်ဂျီယမ်မှ Ghent University တွင် လုပ်ခဲ့သော လေ့လာမှုတစ်ခုအရ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ အသက်ကြီးလာတာနှင့် အမျှ အရိုးများ ကျဆုံးလာပြီး ဆတိုးနှုန်းဖြင့် အရိုးများသည် ပျင်းရိလေးတွဲ့လာကာ ကျိုးလွယ် ပဲ့လွယ်လာကြောင်းတွေ့ရသည်။ အောက်ပါ အစားအစာများကို ကိုယ်နှင့် မကွာ ထားပါ၊ စားပါ။

၁။ ကဏန်း(ပုဇွန်လုံး)

အခွံမာ၊ အရိုးမာကြီးများနှင့် ဖုံးလွှမ်းထားသော ဤသတ္တ၀ါသည် ကျွန်ူပ်တို့၏ အရိုးတည်ဆောက်ပုံကို ကူညီပေးနိုင်သည်မှာ ထူးဆန်းနေသည်။ သို့သော် စိတ်ချပါ။ အခွံကြီးတွေတော့ စားဖို့ မလိုပါ။ သူတို့၏ အသားသည် ဇင့်ဓာတ်နှင့် ပြည့်ဝနေပြီး ကျွန်ူပ်တို့အတွက် ကျန်းမာသော အရိုးထုထည်ကို ဖြစ်ပေါ်စေသည်။ တစ်ပတ်ကို ဂဏန်းလက်မ တစ်ခုလောက်တော့ စားပါ။

၂။ ဆီးသီးခြောက်

ဇီးသီးခြောက်တွင် အဓိကပါဝင်သော copper နှင့် boron သည် အရိုးပွခြင်းကို အဓိကတိုက်ဖျက်သူများဖြစ်သည်။ “သူတို့တွင် inulin ဟုဆိုသော အမျှင်တစ်မျိုးလည်း ပါဝင်သေးသည်။”Bowerman ကဆိုသည်။ “၎င်းသည် အရိုးများ ခိုင်မာစေရန် ကယ်လ်စီယမ် စုပ်ယူမှုကို များပြား ကောင်းမွန်စေသည်။”

၃။ မုန်ညှင်းရွက်

ထိုအပင်တွင် အရိုးတည်ဆောက်သည့် ကယ်လ်စီယမ်၊ ဗီတာမင် အေနှင့် စီ၊ ဖော်လစ်အက်ဆစ်၊ သံဓာတ်၊ ဘီတာ ကယ်ရိုတင်းနှင့် ပိုတက်စီယမ် စသည်တို့ ပေါ်များစွာ ပါဝင်သည်။

၎။ ပန်းဂေါ်ဖီစိမ်း

ထိုအပင်တွင် ပိုတက်စီယမ်၊ ဖော်စဖိုရက်စ်၊ မက်ဂနီစီယမ်၊ သံဓာတ်နှင့် ဗီတာမင်စီတို့ဖြင့် ပြည့်ဝနေသည်။ ၎င်းတို့အားလုံးသည် အရိုးစုကြီး ကျန်းမာသန်စွမ်းဖို့အတွက် မရှိမဖြစ်လိုအပ်သော အာဟာရများပင်ဖြစ်သည်။ “တစ်နေ့ကို ၂၀၀ ဂရမ်လောက်ဆို ထိရောက်ပြီဖြစ်သည်။” ဟု Bowerman က ဆိုခဲ့သည်။

၅။ ငှက်ပျောသီး

အရသာရှိသော ဤအသီးတွင် ကိုယ့်အတွက် တနေ့တာ လိုအပ်သော (Recommended daily allowance) ပိုတက်စီယမ်ဓာတ် အလုံအလောက်ပါသည်။ ထို ပိုတက်စီယမ်သည် ကယ်လ်စီယမ်ဆုံးရှုံးမှုကို ကာကွယ်ပေးသော ဓာတ်ဖြစ်သည်။ ”သူတို့သည် အာရုံကြောစနစ်ကို တိုးမြင့်စေသည်။ ခုခံအားကို များပြားစေသည်။ ခန္ဓာကိုယ်မှ ပရိုတိန်းများကို ကောင်းကောင်း အသုံးချစေသည်။” Cameron Diaz နှင့် Lucy Liu(ရုပ်ရှင် သရုပ်ဆောင်များ)၏ personal trainer ဖြစ်သူ Teddy Bassက ပြောသည်။

၆။ ကမာကောင်(မုတ်ကောင်၊ ပင်လယ်စာ)

ကဏာန်းကဲ့သို့ပင် ကမာများတွင် အရိုး၏ အခြေခံအုတ်မြစ်ဖြစ်သော collagen အတွက် လိုအပ်သည့် zinc များ ပါဝင်သည်။ ”သို့သော် ၎င်းတို့တွင် ထပ်ပေါင်း အားသာချက်တစ်ခုသည် တက်စထရိုစတီရုန်း ပမာဏကို များပြားစေပြီး ဆီးကျိတ်ကင်ဆာကို ကာကွယ်နိုင်ခြင်းဖြစ်သည်။” ဟု Bass က ဆိုခဲ့သည်။ တစ်ပတ်ကို နှစ်ကြိမ်လောက်တော့ စားသင့်သည်။

၇။ ကီဝီ သီး

ငှက်ပျောသီးကဲ့သို့ပင် ၎င်းတို့တွင် အရိုးကာကွယ်သည့်ဓာတ် ပိုတက်စီယမ်များ ပါဝင်သည်။ ”သူတို့တွင် ဗီတာမင်စီလည်း များပြားစွာ ပါဝင်သလို lutein ဓာတ်လည်း ပါဝင်သည်။ ၎င်းဓာတ်သည် carotenoid တစ်မျိုးဖြစ်ပြီး နှလုံးရောဂါများကို ကာကွယ်ပေးသည်။” Bowerman ကဆိုသည်။ အခွံမနွှာပါနှင့်။ အခွံသည် စားလို့ရပြီး ၎င်းထဲတွင် ထပ်ဆောင်း အာဟာရဓာတ်များ ပါဝင်သေးသည်။

၈။ ဟင်းနုနယ်ရွက်

၎င်းတွင် ဗီတာမင် ကေ ပါဝင်ပြီး အရိုးထုထည်ကို ခိုင်ခံ့ကောင်းမွန်စေသည်။ သူ့တွင် ကယ်လ်စီယမ်၊ ဖော်စဖို့ရပ်စ်၊ ပိုတက်စီယမ်၊ ဇင့် အပြင် အသည်းကို ကာကွယ်ပေးသည့် selenium လည်း ပါဝင်သည်။

၉။ ကြက်သွန်မိတ်

ရဂ်ဘီသည် ဘောလုံးကန်ခြင်းနှင့် ညီအကိုဆိုလျှင် ကြက်သွန်မိတ်သည်လည်း ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့နှင့် ညီအကိုဖြစ်လိမ့်မည်။ ၎င်းတို့သည် ဖော်လစ်အက်ဆစ်တို့နှင့် ပြည့်ဝနေသည်။ ထိုဓာတ်သည် ဗီတာမင်ဘီတစ်မျိုးဖြစ်ပြီး လေ့လာမှုများအရ အရိုးတည်ဆောက်မှုကို အားနည်းစေသော homocystein ဆိုသည်ကို နည်းပါးစေသည်ဟု တွေ့ရပေသည်။

၁၀။ ပဲပိုးတီ

၎င်းကိုစားခြင်းသည် ကိုယ့်ကို ဟင်းသီးဟင်းရွက်၏ အနှစ်သာရကို နားလည်ကျွမ်းကျင်သူ တစ်ယောက်ဟု ထင်ရှားစေရုံသာမက ထိုအမျှင်ဓာတ်ပေါကြွယ်ဝသော အပင်တွင် တခြားတခြားသော ဟင်းရွက်များထက် မဂ္ဂနီစီယမ်၊ ပိုတက်စီယမ်ဓာတ်များ ပိုမိုပါဝင်သည်။

ကြွက်သားထုတက်စေသူများ

ကျွန်ူပ်တို့ အသက် ၅၀ ၀န်းကျင်ရောက်သည် ဆိုသည့်တိုင် ကိုယ်ကာယခွန်အားသည် အရေးကြီးဆဲပင်ဖြစ်သည်။ ဆစ်ဒနီ တက္ကသိုလ်သည် ပိုသန်မာသော ယောက်ျားများတွင် စိတ်ဓာတ်ကျဆင်းခြင်းသည် မသန်မာသော ပုဂ္ဂိုလ်များထက် ၅၀%လျော့နည်းသည်ကို တွေ့ရသည်။ အသက်ကြီးလာလေလေ ကြီးမားသော ကြွက်သားထုထည်သည် အဆီများကို ပိုလွယ်ကူစွာ ချေဖျက်နိုင်လေဖြစ်ပြီး ကိုယ့်ကို နှစ်ပေါင်းများစွာထိ သန်မာအားပြည့်နေစေသည်။

၁။ ဘိန်းစေ့

(ဥပမာ စနွင်းမကင်းပေါ် ဖြူးတတ်သော အစေ့ကို ဆိုလိုခြင်းဖြစ်သည်)

နာမည်မှားခေါ်ထားနိုင်သော ဤအစေ့တွင် မရှိမဖြစ် လိုအပ်သော အမိုင်နိုအက်ဆစ် အစုံပါဝင်သောကြောင့် ၎င်းသည် ကြွက်သားတည်ဆောက်နိုင်သော ပါဝါအစားအစာတစ်မျိုး ဖြစ်သည်။

၂။ မြက်စားထားသော အသား

တခြားအစာတွေ စားသော သတ္တ၀ါများကို ရှောင်ပါ။ မြက်စားထားသော အသားများတွင် ပါရှိသည့် fatty acids သည် ပိုမို သန့်စင်ကျန်းမာသော omega 3 အမျိုးအစားဖြစ်ပြီး သူတို့တွင် ကိုယ်ခန္ဓာကို အသားတက်စေပြီး အဆီကျစေနိုင်သော conjugated linoleic acids(CLA) လည်း ပါဝင်သည်။

၃။ အဆီထုတ်ထားသော ဒိန်ခဲ(cheese)

မလိုင်ထုတ်ထားသော ဒိန်ခဲပျော့(cottage cheese)နှင့်လည်း အစားထိုးနိုင်သည်။ ၎င်းတွင် အမိုင်နိုအက်ဆစ်များ များပြားစွာ ပါဝင်သည်။ ကြွက်သား ပြန်လည်အားပြည့်မှုကို လျှင်မြန်စေသည်။

၎။ တို့ဟူး

တို့ဟူးတွင် အမိုင်နိုအက်ဆစ် အစအဆုံး အကုန်ပါရှိသည်။ ၎င်းတွင် ကြွက်သား ပြန်လည်ပြုပြင်မှုကို အားပေးသည့် isoflavone လည်းပါဝင်သည်။ “တစ်ပတ်ကို ၁၁၅ ဂရမ် နှစ်ကြိမ်လောက်စားပါ။” Precision Nutrition မှ သုတေသန ဥက္ကဌဖြစ်သူ Ryan Andrews က ပြောသည်။

၅။ ပဲနီလေး

အဆီချဖို့အတွက် ဟင်းရည်တစ်ခု အဖြစ် လုပ်သောက်နိုင်ရုံမက “ဤပဲများတွင် ပရိုတိန်း၊ ဗီတာမင်ဘီနှင့် ဇင့်တို့ဖြင့် ဖွဲ့စည်းထားပြီး ကောင်းမွန်သော sexual health အတွက်လည်း အရေးကြီးပေသည်။” Andrews က ဆိုသည်။

၆။ ကြက်ဥများ

ကြက်ဥအနှစ်သည် အကာကဲ့သို့ပင် အရေးကြီးပြီး စားသောက်ပြီးတိုင်း ကိုယ့်ကို ခွန်အားနှင့် ပြည့်ဝနေအောင်လည်း ထိန်းသိမ်းပေးနိုင်သည်။ “တစ်ပတ်ကို လေးလုံးလောက်တော့ အနည်းဆုံးစားပါ။” Bowerman က ဆိုသည်။ နောက်ပြီး အမျှင် အသားဓာတ်များကိုလည်း မမေ့ပါနှင့်။ ကြက်ဥဖြင့်သာ ကြီးလာသော ခန္ဓာကိုယ်သည် မကျန်းမာနိုင်ပါ။

၇။ ဒိန်ချဉ်

ဒိန်ချဉ်အားလုံးသည် ကြွက်သားအတွက် အရေးကြီးသည့် ပရိုတိန်းများကို ဖြည့်ဆည်းပေးနိုင်သည်။ “ပြစ်ခဲသော ဒိန်ချဉ်သည် ပုံမှန် ဒိန်ချဉ်ထက် ပို အကျိုးရှိစေနိုင်သည်။” ဟု အားကစား အာဟာရပညာရှင် Nancy Clark က ဆိုသည်။ ဒိန်ချဉ်တစ်ခွက်ဆိုလျှင် ကျွန်ူပ်တို့ အစာအိမ်အူလမ်းကြောင်းကို ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်သည့် ကောင်းသော အကျိုးပြုသော ပိုးမွှားများ ပေးစွမ်းနိုင်ပေသည်။

၈။ ကြက်သား

စသည်ဖြင့် သေးငယ်သော သတ္တ၀ါလေးများအတွက် ၀မ်းနည်းစရာကောင်းပေမယ့် သူတို့၏ ချိုမြသော အသားကို ကြိုက်နှစ်သက်ကြသည်။ သူတို့တွင် မှိုနှင့်တူသော mycoprotein များဖြင့် ဖွဲ့စည်းထားသည်။ ထို့ကြောင့် သူတို့သည် အဆီသာဖယ်ထားလျှင် ထိပ်ပိုင်း protein ပိုင်ရှင်များထဲတွင် အကြုံးဝင်သည်။

၉။ ချောကလတ် နို့

“ကစားပြီးနောက် ချောကလတ် နို့ရည် တစ်ခွက်သောက်လျှင် ကြွက်သားဖွံ့ဖြိုးမှုနှင့် ပြန်လည်အားပြည့်ခြင်းတို့ လျှင်မြန်စွာဖြစ်ပေါ်လာပေလိမ့်မည်။” ဟု health food and fitness coach Lynn Grieger က ဆိုသည်။ ကျွန်တော်တို့ ခြောက်နှစ်သားအရွယ်ကတည်းက သိဖို့ကောင်းသည်။

၁၀။ ဆာမွန်ငါး

(Wild Salmon)

ဆာမွန်ငါးသည် တခြားငါးများနှင့်စာလျှင် မာကျူရီပါဝင်နှုန်းနည်းသည်။ ထိုမာကျူရီသည် အဆိပ်အတောက်ဖြစ်နိုင်သော သတ္တုဓာတ်တစ်မျိုးပင်။ အသားတွေနှင့် ငါးတလှည့်စီစားခြင်းသည် အလွန်ကောင်းမွန်သော အပြောင်းအလဲတစ်ခုဖြစ်သည်။ ကစားသောနေ့၏ ထုထည်၊ ခွန်အားတက်စေမှုတွင် ငါးသည် ကိုယ့်ကို ကောင်းကောင်း အထောက်အကူ ပြုလိမ့်မည်သာ ဖြစ်သည်။

ခုခံအား စနစ် တိုးမြင့်စေသူများ

ပိုးသတ်ဆေး၊ ပတ်ဝန်းကျင်ညစ်ညမ်းခြင်းနှင့် စိတ်ဖိစီးမှုတို့သည် ကိုယ့်ခုခံအားစနစ်ကို ယိုင်နဲ့စေနိုင်သော အရာများဖြစ်သည်။ Bermingham University Medical School မှ သုတေသနတစ်ခုအရ ခုခံအားစနစ်ဟူသည် အသက်ကြီးလာတာနှင့်အမျှ ကျဆင်းလာမည်မှာ သဘာဝအလျှောက်ဖြစ်ကိုဖြစ်မည်ဟု ခိုင်မာစွာ တွေ့ရှိခဲ့သည်။ ကိုယ့်မှာ အောက်ပါအစားအစာများနှင့် ဆောင်ထားပေတော့။

၁။ Green Tea(လက်ဖက်ရည်ကြမ်း)

Green Tea တစ်ငုံသည် အစာအိမ်အူလမ်းကြောင်းမှ မကောင်းသော ပိုးမွှားများကို တားမြစ်နိုင်ပြီး ကောင်းသော ပိုးမွှားများကို ဖြည့်ဆည်းပေးနိုင်သော စွမ်းအင်ရှိသည်။ ကိုယ့်ရဲ့ ခုခံအားစနစ်၏ ၇၀%ထိသည် ကိုယ့် အစာခြေလမ်းကြောင်းတွင် တည်ရှိနေသည်။ ထို့ကြောင့် တစ်နေ့ကို လေးခွက်လောက်သောက်ခြင်းသည် ကိုယ့်ခန္ဓာကိုယ်ကို ကောင်းကောင်းအကျိုးပြုနေမည် ဖြစ်သည်။

၂။ ပန်းငရုတ် (ငရုတ်သီးတောင့်ကြီး)

၎င်းတွင် Beta carotene မြောက်မြားစွာပါဝင်ပြီး ၎င်းကို သွေးထဲတွင် ဗီတာမင်အေအဖြစ်သို့ ပြောင်းလဲစေကာ ရောဂါကူးစက်ခြင်းကို တိုက်ခိုက်ပေးသည်။ ပါးစပ်ထဲ အရည်ပျော်သွားနိုင်သော capasaicin ပါဝင်ခြင်းကလည်း ရောင်ရမ်းခြင်းကို တားမြစ်နိုင်ပေသည်။

၃။ ချင်းတက် (ဂျင်း)

ဂျင်းတွင် အဓိက ပါဝင်သည်မှာ ကင်ဆာကို နှိပ်ကွပ်နိုင်သည့် gingerol ဓာတ်ပင်ဖြစ်သည်။ ဂျင်းကို ခုတ်လှီး၍ဖြစ်စေ၊ ကြိတ်ချေ၍ ဖြစ်စေ ဟင်းလျာများတွင် ထည့်သွင်းသုံးဆောင်ခြင်းသည် အလွန် ပညာသားပါသော လုပ်ရပ်ပင်ဖြစ်ပေသည်။

၎။ ဘလူးဘယ်ရီးသီး

(blueberries)

“ဤအစွမ်းထက်သော သေးငယ်သော အသီးလေးတွေသည် ကင်ဆာမှသည် နှလုံးရောဂါထိ ရောဂါမျိုးစုံကို ကူညီကာကွယ်ပေးသည်။” ဟု Andrews က ပြောသည်။ ရှောက်သီးနှင့် ရောချင်ရော၊ စတောဘယ်ရီနှင့် ရောချင်ရောလိုက်ပါပေတော့။

၅။ သစ်ဂျပိုးခေါက်

ဤဟင်းခတ်အမွှေးအကြိုင်သည် ကျွန်ူပ်တို့ ခန္ဓာကိုယ်မှ ခံတွင်းနံ့နံခြင်းအပါအ၀င် ဖြစ်စေသော ရောဂါပိုးမွှားများကို တိုက်ခိုက်သည့် antioxidant များဖြင့် ပြည့်နှက်နေသည်။ “လေ့လာချက်များအရ ၎င်းသည် အမျိုးအစားနှစ် ဆီးချိုရောဂါအန္တရာယ်ကို လျော့ပါးစေကြောင်းတွေ့ရသည်။” ဟု Clark ကဆိုသည်။ သို့မှသာ ကိုယ်အသက်ကြီး၊ ဆံပင်တွေဖြူလာသည့်အခါ ကိုယ့်ဘ၀ဇာတ်ကြောင်းရှည်ကြီးကို ပြန်ပြောနိုင်မည်ဖြစ်သည်။

၆။ ကန်စွန်းဥ

ကိုယ့် ခုခံအားစနစ်ကို တိုးမြင့်ပေးပြီး လေဖြတ်ခြင်း၊ နှလုံးထိခိုက်ခြင်း၊ ကင်ဆာ၊ အိတ်ခ်ျအိုင်ဗီ၊ အသည်းရောဂါများ၊ Parkinson’s and Alzheimer’s disease တို့မှ ကူညီ ကာကွယ်ပေးနိုင်သော glutathione သည် ကန်စွန်းဥ တစ်လုံးစီတွင် ပါရှိသည်။

၇။ ခရမ်းချဉ်သီး

ခရမ်းချဉ်သီးသည် အသက်ကြီးသူများအတွက် အဆောင်တစ်ခုပင်ဖြစ်သည်။ သူတို့တွင် ပါဝင်သော lycopene သည် အိုနာရောဂါများမှ ကာကွယ်ပေးနိုင်သည်။ တစ်နေ့ကို ခရမ်းချဉ်သီး အလုံးတ၀က်လောက်ဆိုလျှင်ပင် ကိုယ့်ကို မြန်မြန်အိုနာခြင်းမှ တားဆီးထားနိုင်မည်ဖြစ်သည်။

၈။ ကတွတ်သီး

“တစ်ပတ်ကို ကတွတ်သီး လေးလုံးလောက်မှီဝှဲခြင်းသည် ကိုယ်ခန္ဓာရှိ pH ပမာဏကို ညှိနှိုင်းထားပြီး ရောဂါပိုးမွှားများ ၀င်ရောက်ကူးစက်ခြင်းမှ တားဆီးထားသည်။” ဟု Sylvester Stallone ၏ personal trainer ဖြစ်သူ Gunnar Petersen က ဆိုသည်။ ကတွတ်သီးမှာ ပါသည့် အမျှင်ဓာတ်သည် အင်ဆူလင် ပမာဏနှင့် သွေးတွင်း အချိုဓာတ်ပမာဏတို့ကို ကျဆင်းစေကာ ဆီးချိုဖြစ်ပွားမှုကိုလည်း လျော့နည်းစေသည်။

၉။ မှို

မှိုများတွင် ကျွန်ူပ်တို့ ခန္ဓာကိုယ် ဆဲလ်များ၏ ပုံစံမမှန်သော ကြီးထွားပုံများနှင့် မျိုးပွားပုံများကို တားဆီးကာကွယ်မည့် ergothioneine ဓာတ်ပါဝင်သည်။ “အတိုချုပ်ဆိုရလျှင် သူတို့သည် ကင်ဆာဖြစ်ပွားနှုန်းကို လျော့ကျစေလိမ့်မည်။” Bowerman က ဆိုသည်။ “သူတို့ကို antioxidant reveratrol ပါရှိသည့် ၀ိုင်နီထဲမှာ ထည့်ချက်ခြင်းသည် သူတို့၏ ခုခံအားတိုးမြင့်သည့် စွမ်းအင်ကို မြင့်တင်စေလိမ့်မည်။”

၁၀။ တလည်းသီး

၎င်းတို့၏ ထူးခြားသော အရောင်ကိုဖြစ်ပေါ်စေသည့် ဓာတုဓာတ် ellagitannins သည် ကင်ဆာဖြစ်ပွားနှုန်းကိုလည်း နည်းပါးစေသည်။ လေ့လာမှုများအရ သူတို့၏ အရည်သည် ဆီးကျိတ်ကင်ဆာဆဲလ်များ တိုးပွားနှုန်းကို ခြောက်ဆလောက်အထိ လျော့နည်းစေသည်ဟု တွေ့ရသည်။