ဗုဒ္ဓဘာသာဝင်တို့ သိသင့်သောအမေးအဖြေများ (၇) ဗုဒ္ဓကို အဘယ်ကြောင့် အရိုအသေပေးဝတ်ပြုကြတာလဲ?


အရိုအသေပေးဝတ်ပြုရာတွင် ပုံစံအမျိုးမျိုး၊ အကြောင်းအမျိုးမျိုးရှိသည်။ လူအများ နတ်ဘုရားတို့အား အရိုအသေပေးဝတ်ပြုသောအခါ ထိုနတ်ဘုရားကို ချီးမွမ်းကြသည်။ ပေးကမ်းလှူဒါန်းကြသည်။ ပြီးလျှင် မိမိ လိုချင်သော အခွင့်အရေးများ တောင်းကြသည်။ နတ်ဘုရားများက သူတို့ ချီးမွမ်းသံကို ကြားမည်၊ သူတို့ပေးတာကို လက်ခံရရှိမည် သူတို့တောင်းသည့် အခွင့်အရေးများကို ဖြည့်ဆည်းပေးလိမ့်မည်ဟု ယုံကြည်ကြသည်။ ဗုဒ္ဓဘာသာဝင် အစစ်အမှန်တို့တွင် ထိုကဲ့သို့သော ၀တ်ပြုဆုတောင်းမှုမျိုးမရှိ။ ၀တ်ပြုမှုနောက်တစ်မျိုးမှာ မိမိလေးစားသူတစ်ဦးကို တွေ့ရမြင်ရသောအခါ အရိုအသေ ပေးမှုမျိုးဖြစ်သည်။ ဆရာတစ်ဦး စာသင်ခန်းထဲဝင်လာသောအခါ ကျောင်းသားများ မတ်တပ်ရပ် အရိုအသေပေးကြသည်။ ဉာဏ်ပညာအရာ၊ ကိုယ်ကျင့်တရား တို့တွင် မိမိထက် ကြီးမြတ်သူလာသောအခါ အရိုအသေပေးကြသည်။ ရိုသေမှု၊ ကြည်ညိုမှု၊ လေးစားမှု တို့အတွက် အရိုအသေပေးကြသည့် ဟန်ပန်အမျိုးမျိုးရှိသည်။ ဗုဒ္ဓကို အရိုအသေပေးဝတ်ပြုကြခြင်းမှာ ဤအမျိုးအစား ဖြစ်သည်။ ချမ်းသာကြွယ်ဝစေရန် ပစ္စည်းများပေးခြင်း၊ အခွင့်အရေးများ ပေးခြင်းအတွက် မဟုတ်။ ကျွန်ုပ်တို့ကို ဖန်ဆင်းထားခြင်း အတွက်မဟုတ်။ ကျွန်ုပ်တို့လိုအပ်ရာ နေထိုင်ရာမြေကမ္ဘာ၊ စားသောက်စရာများ၊ အဖော်များကို ဖန်တီးပေး၍ မဟုတ်။ ဗုဒ္ဓကို အရိုအသေပေး ၀တ်ပြုခြင်းမှာ ဆင်းရဲဒုက္ခမှ လွှတ်မြောက်ရန်အတွက် တိကျသေချာသော၊ စံပြုထိုက်သော သူ့ကိုယ်တွေ့များအား သင်ကြားလမ်းညွှန်ခဲ့ခြင်းအတွက် ဖြစ်သည်။ ဤသည်မှာ ဗုဒ္ဓကို ကျွန်ုပ်တို့ အရိုအသေပေးဝတ်ပြုရခြင်း၏ အဓိပ္ပာယ် ဖြစ်သည်။ တင်ဆက်သူ = စိုင်းခမ်းထွန်း at 2:37 PM 8 မှတ်ချက်ပေးသူ ကဏ္ဍ ဓမ္မ Reactions:
Tuesday, June 9, 2009 ဗုဒ္ဓဘာသာဝင်တို့ သိသင့်သောအမေးအဖြေများ (၅) ဗုဒ္ဓသေဆုံးပြီးနောက် သူသည် ကျွန်ုပ်တို့ကို ဘယ်လိုအကျိုးပြုကူညီနေသလဲ?
လျှပ်စစ်ကို ရှာဖွေတွေ့ရှိခဲ့သော ဖာရာဒေး (Farady) သေဆုံးခဲ့ပြီ၊ သို့သော် သူရှာဖွေတွေ့ရှိခဲ့သည့် လျှပ်စစ်ဓာတ်က ကျွန်ုပ်တို့ကို အကျိုးပြူနေဆဲ။ ရောဂါပေါင်းများစွာကို ကုသသည့်ဆေးပညာကို ရှာဖွေတွေ့ရှိခဲ့သူ လူ့စ်ပါ့စ်ချား (Luis Pasteur) သည် သေဆုံးခဲ့ပြီ၊ သို့သော် သူရှာဖွေတွေ့ရှိခဲ့သည့် ဆေးပညာသည် လူအသက်ပေါင်းများစွာကို ကယ်တင်နေဆဲ။ ဂန္ထ၀င်မြောက်ပန်ချီကား ၂ ချပ်ကို ဖန်တီးရေးဆွဲခဲ့သူ လီယိုနာ ဒိုဒါဗင်ချီ (Leoardo Da Vinci) သေဆုံးခဲ့ပြီ၊ သို့သော် သူ့အနုပညာလက်ရာကား လူများကို ဖမ်းစားဆဲ။ ရာစုနှစ်ပေါင်းများစွာက သေဆုံးခဲ့ကြပြီဖြစ်သော သူရဲကောင်းအပေါင်းတို့၏ လုပ်ရပ်တို့သည်လည်း ယခုပြန်လည်ဖတ်ရှုသိရှိရသောအခါ ပြန်လည်ဆန်းသစ်ကာ ယခုတိုင် ကျွန်ုပ်တို့၏ သတ္တိများကို မွေးဖွားစေမြဲ။ ဗုဒ္ဓသေဆုံးခဲ့သည်မှာ နှစ်ပေါင်း ၂၅၀၀ ကျော်ပြီဖြစ်သော်လည်း သူ၏ သွန်သင်ဆုံးမမှုများကား ယနေ့တိုင် ကျွန်ုပ်တို့ကို အကျိုးရှိစေမြဲ။ သူပြုခဲ့သော နမူနာတို့သည် လူတို့ကို လှုံ့ဆော်နေနိုင်ဆဲ၊ ဘ၀များကို ပြောင်းလဲစေနိုင်ဆဲပင်။ သေဆုံးပြီးနောက် ထိုကဲ့သို့ စွမ်းနိုင်သူမှာ ဗုဒ္ဓတစ်ဦးတည်းသာလျှင် ရှိပေသည်။
(၆) ဗုဒ္ဓသည် ထာဝရဘုရားသခင်လော?
မဟုတ်ပါ။ သူသည် ထာဝရဘုရားသခင် ဖြစ်သည်ဟုလည်းကောင်း၊ ထာဝရဘုရားသခင်၏ သားတော်ဖြစ်သည်ဟုလည်းကောင်း၊ ထာဝရဘုရားသခင်က စေလွှတ်လိုက်သော တမန်တော် အဖြစ်လည်းကောင်း မည်သည့် အခါမျှ မပြောဆိုခဲ့ပါ။ သူသည် သူ့ကိုယ်သူ အလုံးစုံပြီးပြည့်စုံအောင် ကျင့်ကြံနေထိုင်နိုင်ခဲ့သူ ဖြစ်သည်။ သူ၏ နမူနာအတိုင်း ကျွန်ုပ်တို့ လိုက်နာလုပ်ဆောင်လျှင် ကျွန်ုပ်တို့ ကိုယ်တိုင်ပင် သူကဲ့သို့ အလုံးစုံပြီးပြည့်စုံသူဖြစ်နိုင်သည် ဟု သင်ကြားပြောဆိုခဲ့သည်။ တင်ဆက်သူ = စိုင်းခမ်းထွန်း at 10:29 PM 2 မှတ်ချက်ပေးသူ ကဏ္ဍ ဓမ္မ Reactions:
Sunday, June 7, 2009 ဗုဒ္ဓဘာသာဝင်တို့ သိသင့်သောအမေးအဖြေများ (၃) ဗုဒ္ဓ ဆိုတာ ဘယ်သူလဲ ?
ယေရှုခရစ်တော် မပေါ်မီ နှစ်ပေါင်း ၅၆၃ ခုတွင် အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် ဘုရင်မိသားစုမှ ကလေးတစ်ဦး ဖွားမြင်ခဲ့သည်။ သူသည် စည်းစိမ်ဥစ္စာအပြည့်ဖြင့် ကျန်းမာချမ်းသာစွာ လူလားမြောက်ကြီးပြင်းခဲ့သည်။ နောက်ပိုင်းတွင် ဥစ္စာပစ္စည်းများ နှင့် အဆောင်အယောင်တို့သည် ပျော်ရွှင်မှုကို အမှန်တကယ် ပေးနိုင်သည့် အရာများ မဟုတ်ကြောင်း တဖြည်းဖြည်း သဘောပေါက်လာခဲ့သည်။ သူ့ပတ်ဝန်းကျင်းရှိ လူများ၏ ဆင်းရဲ ဒုက္ခများကို မြင်တွေ့ခဲ့သည်။ ထိုအချက်တို့က သူ့အား လူတို့ကို အမှန်တကယ်ပျော်ရွှင်စေနိုင်သည့် သော့ချက် ကို ရှာဖွေရန် ဆန္ဒပြင်းပြစေခဲ့သည်။ အသက် ၂၉ နှစ်အရွယ်တွင် သူ့ဇနီးနှင့်သားတစ်ဦးကို ထားခဲ့ပြီး ထိုသော့ချက်ကို ရှာဖွေရန် ထွက်သွားခဲ့သည်။ သူသည် ထိုခေတ်အခါက ထိပ်သီးဘာသာရေးဆရာကြီးများထံတွင် တပည့်အဖြစ်ခံယူကာ သူတို့၏ နည်းနာများကို လေ့လာသင်ယူခဲ့သည်။ ထိုဆရာကြီးများက သူ့ကို နည်းလမ်းများစွာ သင်ပေးခဲ့ကြသည်။ သို့သော် မည်သည့်ဆရာကမျှ လူများ အဘယ့်ကြောင့် ဆင်းရဲဒုက္ခဖြစ်ရသည့် အကြောင်းရင်းကို မသိရှိနိုင်သည့်ပြင်၊ မည်သည့်နည်းလမ်းအားဖြင့် ထိုဆင်းရဲဒုက္ခတို့မှ လွှတ်မြောက်အောင် လုပ်ဆောင်နိုင်သည်ကို သင်ကြားပြသနိုင်ခြင်း မရှိခဲ့ပေ။ သူသည် ဆင်းရဲပင်ပန်းကြီးစွာဖြင့် ၆ နှစ်ကြာ ဒုက္ခခံကာကြိုးစား လေ့ကျင့်သော်လည်း မအောင်မြင်သည့် အတွက် နည်းလမ်းအားလုံးကို စွန့်လွှတ်ကာ တရားထိုင်ခြင်းကို စတင်လုပ်ဆောင်ခဲ့သည်။ ထိုတရားထိုင်သည့် နည်းလမ်းဖြင့် အမှန်ကို သဘောပေါက်ကာ အရာရာကို အမှန်အတိုင်း သိမြင်နိုင်သောဉာဏ်ကို ရရှိခဲ့သည်။ ထိုအချိန်မှ စ၍ သူအား "ဗုဒ္ဓ" (Buddha) သို့မဟုတ် "အရာအားလုံးကို အမှန်အတိုင်းသိမြင်"သူ ဟု သတ်မှတ်ခေါ်တွင်ခဲ့သည်။ သူသည် နောက်ထပ် ၄၅ နှစ် အသက်ရှင်နေထိုင်ခဲ့သည်။ ထိုအတောအတွင်း အိန္ဒိယမြောက်ပိုင်း တစ်ခုလုံး အနှံ့ လှည့်လည်သွားလာပြီး သူတွေ့ရှိခဲ့သည့် သဘောတရားများ နည်းလမ်းများအား လူအများကို သင်ကြားပို့ချပေးခဲ့သည်။ သူ၏ မေတ္တာကရုဏာ နှင့် သည်းခံစိတ်ရှည်မှုတို့သည် အလွန်ထင်ရှားပြီး လူထောင်ပေါင်းများစွာ သူ့နောက်လိုက်ဖြစ်လာခဲ့ကြသည်။ အသက် ၈၀ ပြည့်သောအခါတွင် အိုမင်းလာပြီး နေမကောင်းဖြစ်သည်။ သို့သော် ထိုအချိန်တွင်ပင် ကြည်ညိုဖွယ် အသွင်အပြင်ရှိပြီး၊ ကြည်လင်အေးချမ်းဆဲပင်ဖြစ်သည်။ နောက်ဆုံးတွင် သေဆုံးသွားသည်။


(၄) သိဒ္ဓတ္တဂေါတမ (Siddhattha Gotama)၏ ဇနီးနှင့် သားကို စွန့်ထားခဲ့ခြင်းသည် တာဝန်မဲ့ခြင်းလော?

သိဒ္ဓတ္တဂေါတမ (Siddhattha Gotama)အတွက် သူ့မိသားစုကို စွန့်ခွာထားခဲ့ရန် ကိစ္စသည် လွယ်ကူသော ကိစ္စ မဟုတ်ခဲ့ပါ။ သူသည် သူစွန့်ခွာမသွားမီ အချိန်ထိ စိုးရိမ်ပူပန်မှုအပြည့်ဖြင့် အချိန်အတော်ကြာ ချီတုံချတုံ ဖြစ်ခဲ့မည်။ သူ့တွင် ရွေးစရာနှစ်ခုရှိခဲ့သည် တစ်ခုက မိသားစုအတွက်၊ တစ်ခုက လောက အတွက်။ နောက်ဆုံးတွင် သူ၏ကြီးမားသောမေတ္တာတရားက လောကကြီးအတွက် သူ့ဘ၀ကို နစ်မြုပ်ပေးဆပ်ရန် ဖြစ်ခဲ့သည်။ ယနေ့တိုင် လောကကြီးတစ်ခုလုံး သူ့တွေ့ရှိချက်များ၏ အကျိုးကျေးဇူးကို ခံစားနေရဆဲဖြစ်သည်။ ထို့ကြောင့် ဇနီးနှင့်သားကို စွန့်လွတ်ခဲ့ခြင်းသည် တာဝန်မဲ့ခြင်း မဟုတ်။ ထိုစွန့်လွတ်ခြင်းသည်ပင် သူ၏ အသိသာ၊ အထင်ရှားဆုံး တရားသဘောတစ်ခုပင် ဖြစ်ကောင်းဖြစ်နိုင်သည်။ တင်ဆက်သူ = စိုင်းခမ်းထွန်း at 6:52 PM 0 မှတ်ချက်ပေးသူ ကဏ္ဍ ဓမ္မ Reactions:
Saturday, June 6, 2009 ဗုဒ္ဓဘာသာဝင်တို့ သိသင့်သောအမေးအဖြေများ (၂) ဗုဒ္ဓ၀ါဒ သည် သာမာန်အတွေးအခေါ်တစ်ခု မျှသာလား
အတွေးအခေါ် (Philosophy) ဟူသော စကားလုံးသည် ဖီလို (Philo) "မေတ္တာတရား" နှင့် ဆိုဖီယာ (Sophia) "ဉာဏ်ပညာ" ဟူသော စကား ၂ လုံးမှ ဆင်းသက်လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အတွေးအခေါ် (Philosophy)ဆိုသည်မှာ "မေတ္တာတရား နှင့် ဉာဏ်ပညာ" ကို ကိုယ်စားပြုသောကြောင့် ဗုဒ္ဓ၀ါဒ ကို ပြည့်ပြည့်စုံစုံ ဖော်ညွှန်းနိုင် သလိုရှိပါသည်။ ဗုဒ္ဓ၀ါဒသည် ကျွန်ုပ်တို့အား အမှန်တရားကို ရှင်းရှင်းလင်းလင်း သိမြင်သဘောပေါက်စေရန်အတွက် အသိဉာဏ်ပိုင်း တိုးတက်ပြည့်စုံလာအောင် ကြိုးစားကြရန် တိကျသောနည်းလမ်းများဖြင့် သင်ကြားလမ်းညွှန်သည်။ ထို့ပြင် ရှိရှိသမျှ သတ္တ၀ါအားလုံးအား မိမိ၏ သွေးသားရင်ချာကဲ့သို့ အကြင်နာ မေတ္တာတရားထားကြရန်လည်း သွန်သင်သည်။ သို့သော် ဗုဒ္ဓ၀ါဒသည် သာမာန်အတွေးအခေါ်သက်သက်မျှမဟုတ်၊ သာမာန်တွေးခေါ်ရှင်တို့၏ အတွေးအခေါ်ထက် အဆင့်လွန်သည့် အတွေးအခေါ် (Supreme Philosophy) (၀ါ) အမြဲတမ်းမှန်နေသည့်အတွေးအခေါ်များဖြစ်သည်။ (စကားချပ်။ ။ ဗုဒ္ဓသည် သစ္စာ လေးပါးကို သိရှိခြင်းမှာ တွေးခေါ်၍ မဟုတ်ပါ။ လေ့ကျင့်၍ ရလာခြင်းဖြစ်သည်။ ထိုသစ္စာလေးပါးကို သိရန် လေ့ကျင့်ရမည့်နည်းလမ်းလည်း အတိအကျရှိသည်။ ထိုကဲ့သို့သော နည်းလမ်းမှအစ အရာအားလုံး၊ သိစရာမှန်သမျှအားလုံးကို သူကိုယ်တိုင် လေ့ကျင့်မှုကြောင့် တပ်အပ်သိမြင်လာခြင်းဖြစ်သည်။ တွေးတောယူဆခြင်းကြောင့် သိလာခြင်းမဟုတ် ဟုဆိုပါသည်။) တင်ဆက်သူ = စိုင်းခမ်းထွန်း at 9:50 AM 2 မှတ်ချက်ပေးသူ ကဏ္ဍ ဓမ္မ Reactions:
Thursday, June 4, 2009 ဗုဒ္ဓဘာသာဝင်တို့ သိသင့်သောအမေးအဖြေများ (၁) ဗုဒ္ဓ၀ါဒ ဆိုတာဘာလဲ
"ဗုဒ္ဓ၀ါဒ" (Buddhism) ဆိုသည်မှာ "ဗောဓိ" (bodhi) ဟူသည့် စကားလုံးမှ ဆင်းသက်လာခြင်းဖြစ်သည်။ ဗောဓိဟူသော စကားလုံး၏ အဓိပ္ပါယ်မှာ "အမှန်ကိုအတပ်သိခြင်း" (Enlightenment) ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓ၀ါဒ ဆိုသည်မှာ "အမှန်တရားကို သိသည့် ၀ါဒ" ဟုပြောနိုင်ပေသည်။ ထိုဝါဒသည် ၃၅ နှစ်အရွယ်တွင် သူကိုယ်တိုင်ဆင်ခြင်သိမြင်နိုင်ခဲ့သော ဗုဒ္ဓ (Buddha) ဟု သိကြသည့် သိဒ္ဓတ္တဂေါတမ (Siddhattha Gotama) ၏ အတွေ့အကြုံများမှ စတင်ပေါ်ပေါက်ခဲ့သည်။ ဗုဒ္ဓ၀ါဒသည် နှစ်ပေါင်း ၂၅၀၀ ကျော်သက်တမ်းရှိခဲ့ပြီဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းရှိ လူသန်းပေါင်း ၃၈၀ ကျော်က လိုက်နာနေသော ၀ါဒဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်ကာလထိ ဗုဒ္ဓ၀ါဒသည် အဓိကအားဖြင့် အရှေ့တိုင်းတွင်သာ လိုက်နာကျင့်သုံးသောဝါဒအဖြစ်သာ တည်ရှိနေခဲ့သည်။ နောင်ပိုင်းတွင် ပိုမိုကျယ်ပြန့်လာပြီး ဥရောပ၊ သြစတြေးလျ နှင့် အမေရိက တို့တွင်ပါ လိုက်နာကျင့်သုံးလာကြသည်။

0 comments:

Post a Comment

thank you for your comment