> *အချစ် (၁) ***
>
> "ကြယ်တွေ ကြွေလိုက်တာနော်.." ကောင်လေးက ပက်လက်လှန်ကာ ကောင်းကင်ကြီးကို
> ကြည့်နေရင်း ပြောသည်။
> "အင်း.. ကြယ်တွေ ကြွေတုန်း ဆုတောင်းရင် ပြည့်တယ်တဲ့" ဒူးကလေးပိုက်ကာ
> ထိုင်နေသော ကောင်မလေးက ပြောလိုက်သည်။
> "နင်က ဘာဆုတောင်းမှာလဲ" ကောင်လေးကမေးလိုက်သည်။
> "ငါလား ပိုက်ဆံတွေ အများကြီး လိုချင်တယ်။ ထီပေါက်ရင် ကောင်းမယ်နော်"
> "အင်း ဒါပဲလား"
> "ပြီးတော့ ငါလျှောက်ထားတဲ့ ကျောင်းကိုလည်း ရချင်တယ်။ စာတွေ
> အများကြီး ဆက်သင်ချင်တယ်"
> "ဒါပဲလား"
> "ဟင့်အင်း… ဒါဘယ်ကမလဲ။ ငါ့ဖေဖေနဲ့မေမေကို အသက်အရှည်ကြီး နေစေပြီး
> ငါက ကျေးဇူးဆပ်ချင်တယ်"
> "ဒါပဲလား"
> "ပြီးတော့ ကမ္ဘာအနှံ့ လျှောက်လည်ချင်တယ်။ နေရာတကာ ရောက်ဖူးချင်တယ်"
> "ဒါပဲလား"
> "မပြီးသေးဘူး။ ဖြစ်နိုင်ရင် ငါကလေ ဒီ့ထက် ပိုပြီး
> ချောချင်လှချင်သေးတယ်။ နတ်ရေကန်ထဲ ကျတယ် ဆိုတာမျိုးပေါ့"
> "နင့်ဆုတောင်းတွေကလည်း များလိုက်တာနော်"
> "အင်း.. ဟုတ်တယ်။ ဒါနဲ့ နင်ကရော ဘာဆုတောင်းမှာလဲ'
>
> "ငါလား"
> ကောင်လေးက တီးတိုးပြောလေသည်။
> "နင်ဆုတောင်းတိုင်း ပြည့်စေဖို့ ကြွေပေးမယ့် ကြယ်ကလေးတပွင့် ထပ်ခါထပ်ခါ
> ပြန်ဖြစ်ပါစေပေါ့"
>
> *အချစ် (၂) ***
>
> "ကျွန်တော် ကျွန်တော် … မပေးနိုင်တော့ဘူး ဥက္ကဌရေ.." ကလေးအဖေ သည် သမီးကလေးကို
> ခပ်တင်းတင်း ပွေ့ဖက်ထားလိုက်သည်။ အနားတွင် ဗုံစီသလို စီနေသော ကြီးစဉ်ငယ်လိုက်
> ဘုစုခရု ကလေးများသည် သူတို့ အဖေကိုတလှည့် ဧည့်စိမ်းများကို တလှည့်
> မျက်နှာငယ်ဖြင့် ကြည့်နေလေသည်။"ဒီလိုလဲ မလုပ်နဲ့လေ။ ကလေးတွေ ရှေ့ရေး
> ကြည့်ဦးမှပေါ့။"
> "ဟုတ်တယ်။ သူတို့အမေက နောက်ဆုံးကလေးကို မမွေးနိုင်လို့
> မီးတွင်းထဲမှာ ဆုံးသွားပြီးတဲ့နောက်ပိုင်း ဒီကလေး တပြုံကြီးကို ခင်ဗျား
> ဘယ်လိုမှမကြည့်နိုင်တော့တဲ့အြ
ပင် လုံလုံလောက်လောက်လည်း
> မထောက်ပံ့နိုင်ဘူးလေ။ သမီးလေးကိုတော့ အခုလို မွေးစားချင်တဲ့လူ ပေါ်လာတုန်း
> ပေးလိုက်တာ ကောင်းပါတယ်။"
> "ဟုတ်ပါတယ်။ ကျွန်မတို့ကလည်း အိမ်မှာ မိန်းကလေး မရှိလို့
> အဖော်ရချင်တာ ဆိုပေမယ့် ကလေးကို သူစာလိုက်နိုင်သလောက် ကျောင်းလည်း
> ထားပေးဦးမှာပါ။"
> "ကျွန်တော် ကလေးတွေနဲ့ မခွဲနိုင်ဘူး။ သူတို့မောင်နှမချင်း
> ခွဲရမှာလည်း မကြည့်ရက်ဘူးဗျာ။"
> ကလေးအဖေသည် ပြောရင်း အသံတိမ်ဝင်သွားသည်။
>
> "ဟုတ်တယ် ဟုတ်တယ် ညီလေး ညီမလေးတွေနဲ့မခွဲချင်ဘူး။ သား ကျောင်း ဆက်မတက်တော့ဘူး။
> ဆိုက်ကားနင်းမယ်လေ။"
> ဆယ်နှစ်သားခန့်ရှိသော အကြီးကောင်လေးက ၀င်ပြောလိုက်သည်။
> ကလေးအဖေက မျက်နှာကို အုပ်ကာ တသိမ့်သိမ့် ရှိုက်လိုက်သည်။
> ဘာမှန်းညာမှန်း ရေရေလည်လည် မသိသော်လည်း သူ့အဖေနှင့် အကိုတို့၏ မျက်နှာရိပ်ကို
> ကြည့်ကာ
> အော်ငိုလိုက်သော ကလေးတသိုက်၏ အသံများ တဲကလေးထဲ ပျံ့လွင့်သွားသည်။
> သမီးလေးကို မွေးစားမည့် အမျိုးသမီးကြီးသည် မျက်ရည်များ ၀ဲလာလေသည်။
> ရပ်ကွက်လူကြီးသည် မြင်ကွင်းမှ မျက်နှာကို လွှဲရင်း ခေါင်းယမ်းကာသက်ပြင်းကိုသာ
> အသာမှုတ်ထုတ်လိုက်တော့သည်။
>
> *အချစ် (၃) ***
>
> "အဘိုးကြီးနှယ် လုပ်ချလိုက်ပြန်ပြီကွယ်"
> အဘွားကြီးသည် အိပ်ရာပေါ်မှ အနံ့ထောင်းထောင်းထနေသော
> ရေကွက်ကွက်ကို စိတ်မသက်မသာဖြင့် ကြည့်လိုက်လေသည်။
> "တနေ့တနေ့ သူ့အတွက် လျှော်ရဖွတ်ရ။ ကိုယ်ကလည်း သိပ်နေကောင်းလှတာ မဟုတ်။ အခုလည်း
> ဘယ်ရောက်သွားပြန်လဲ မသိ။"
> တဖြစ်တောက်တောက် ပြောနေစဉ် အိမ်ရှေ့မှ ကလေးတစ်ယောက် အော်သွားသံ
> ကို ကြားလိုက်ရသည်။
> "ဘွားလေးရေ အဘိုး သစ်ပင်တက်နေတယ်ဗျို့" "ဟင်.. ဘုရား
> ဘုရား"
> ကပျာကယာ ထွက်ကြည့်လိုက်တော့ ခြံထဲတွင် အဘိုးကြီးသည် လက်ကလေး
> နောက်ပစ်ကာ မသိသလို ရပ်နေလေသည်။
> "ရှင်.. ရှင်.. သစ်ပင်ပေါ် တက်တယ်ဆို" အဘိုးကြီးက မျက်လုံးလေး
> ပေကလပ်ပေကလပ်ဖြင့် ခေါင်းညိတ်ပြလိုက်ပါသည်။
> "အဲဒါတွေ စိတ်ညစ်ရတာပေါ့ အဖေကြီးရေ။ ရှင့်ကိုရှင် ကာလသားလေး
> မှတ်နေလား။ လေဖြတ်ထားလို့ မသန်မမာ ဖြစ်နေတယ်ဆိုတာလည်း မမေ့နဲ့ဦး။ သစ်ပင်ပေါ်
> ဘာသွားလုပ်ရတာလဲ။ သားသမီးတွေက တယောက်မှ အနားမှာ မရှိဘူး။ ကျွန်မလည်း ရှင့်ကို
> မျက်စိဒေါက်ထောက် ကြည့်မနေနိုင်ဘူး။"
> အဘွားကြီးသည် ပြောရင်း ဒေါသသံပါလာသည်။ အဘိုးကြီးထံမှ စကားသံ မပီမသ
> ထွက်လာသည်။
> "မင်းအတွက်ပါ"
> "ဘာလဲ ကျွန်မအတွက်"
> အဘိုးကြီးသည် နောက်ပစ်ထားသော လက်ကို ရှေ့သို့ ထုတ်လိုက်သည်။
> ကံ့ကော်ပန်းကလေး သုံးလေးခက် ဖြစ်လေသည်။
>
> *အချစ် (၄) ***
>
> လရောင်သည် တောအုပ်ထဲမှ သစ်ပင်ထူထူများနှင့်
> မြက်ခင်းများပေါ်သို့ ငွေရောင်အလွှာပါး တစ်ထပ်ကို ပြိုးပြက်လွှမ်းခြုံ နေစေ၏။
> မြင်းခွာသံသဲ့သဲ့ သည် ဝေးရာမှ နီးလာပြီ။ ချပ်မိန်ညို ၀တ်ဆင်ထားသော
> သဏ္ဍာန်တစ်ခု မြင်ကွင်းသို့ ပေါ်လာသည်။ နေ့မှန်းညမှန်း မသိလောက်အောင်
> စစ်ပန်းလာခဲ့သော သူရဲကောင်းသည် တောအုပ်ထဲမှ ရေကန်ကလေးကို လှမ်းမြင်လိုက်လေသည်။
> လမင်းသည် ပြာပြာမှောင်နေသော ကန်ရေပြင်ထဲတွင် လှုပ်ရုံလေး လှုပ်နေ၏။
> သူရဲကောင်းသည် ကန်ရေအေးအေးဖြင့် ခြေလက်မျက်နှာတို့ကို
> သုံးသပ်ဆေးကြောရင်း အမောဖြေလိုက်သည်။ ထိုအခိုက်….. ကန်စပ်နံဘေးတွင် တချိန်လုံး
> ငိုက်မျဉ်းနေခဲ့သော တောပန်းကလေး တစ်ပွင့်၏
> ပွင့်ဖတ်များ ဖြတ်ခနဲ အာသွားလေသည်။ ၀န်းကျင်တ၀ိုက် ရုတ်ချည်း သင်းပျံ့လာသော
> ပန်းရနံ့ကြောင့် သူရဲကောင်းသည် ဟိုဟိုဒီဒီ စူးစမ်းလိုက်သည်။ ပန်းကလေး တစ်ပွင့်
> ပါလား..။ လရောင်အောက်ဝယ် ဖြူသလို ၀ါသလို ပြာသလို နှင့်
> အရောင်လျှပ်ပြေးနေသော တောပန်းကလေးသည် သူရဲကောင်းကို ခပ်ငေးငေး ကြည့်နေသယောင်။
> သူရဲကောင်းသည် ပန်းကလေးရှိရာသို့ အလိုအလျောက် လက်လှမ်းလိုက်မိလေသည်။
> တစ်စက္ကန့် နှစ်စက္ကန့် သုံးစက္ကန့်….။ သူရဲကောင်းသည် သက်ပြင်းတစ်ချက်ကို
> သာသာချလိုက်သည်။ မကြာမီ မြင်းခွာသံများ ပြန်လည် ပေါ်ထွက်လာသည်။ ပြီးတော့
> မှိန်ဖျော့ ပျောက်ကွယ်သွားခဲ့ပြီ။
> လှုပ်ခတ်သွားခဲ့သော ကန်ရေပြင်ဘေးမှ ပန်းကလေးသည်
> လရောင်အောက်ဝယ် ထီးထီးကျန်ခဲ့လေသည်။

0 comments:

Post a Comment

thank you for your comment