အဲဒီတုန်းက ကျွန်တော် ငယ်သေးတယ်။ ၆ နှစ် ၊ ၇ နှစ်လောက်ပဲ ရှိဦးမယ် ထင်တယ်။ ကျွန်တော် ပထမဆုံး ဂေါ့ဖ်ကစားတာက စစ်တပ်ရဲ့ ဂေါ့ဖ်ကွင်းမှာ ကျွန်တော် အဖေနဲ့ အတူတူ ။ ကျွန်တော်က ဘာမှ ကစားတတ်သေးတာ မဟုတ်။ ဒီမှာ ကျွန်တော် အဖေက ပြောတယ်. .

“ သား. . ။ ကောင်းပြီ မင်း ဂေါ့ဖ် ရိုက်ချင်တယ် မဟုတ်လား ။ ဘယ်နေရာကနေ ဘယ်နေရာကို ဒီဘောလုံးလေး ရောက်အောင် ရိုက်ချင်တာလဲ။ ”

ကျွန်တော်ကလည်း မဆိုင်းမတွပဲ ပြန်ဖြေလိုက်တယ်။

“ ဂေါ့ဖ်သီးကျင်းထဲကိုလေ အဖေ။ ”

အဖေက မယုံသလို ပုခုံးတွန့်ရင်းပြောတယ်။

“ ဟုတ်ပြီ ။ သားအခု ရိုက်တာကို ကျင်းထဲ ဝင်မယ်လို့ အဖေက မယုံဘူးကွ ၊ ဒါကို ယုံလာအောင် ဘယ်လို သက်သေပြပြီး ရိုက်မှာလဲ ။ ဘယ်လို ပုံစံနဲ့ ရိုက်မလဲ။ ”

ပြီးတော့ ကျွန်တော့်ကို ဘယ်လို ဂေါ့ဖ်သီးကို ရိုက်ရတယ်။ ခြေထောက်က ဘယ်လို ထားရတယ်။ လက်က ဘယ်လို ဟန်ယူရတယ်။ ခါးက ဘယ်လို အနေအထားမှာ ရှိရတယ်။ ဒါတွေကို ပြောပြတယ်။ ဒါပေမဲ့. .အဖေက ပြောရုံသာ ပြောတာ အဖေ တကယ် ကျွန်တော့်ကို သင်ပေးတာက လက်နဲ့ ကိုယ်ဟန်ချက် မဟုတ်ဘူး။ ကျွန်တော့်ခြေထောက်တွေ ဘယ်လို ထားရမယ် ဆိုတာကိုပဲ သေချာ သင်ပေးတာ။

ပြီးတော့ ဒီထက် အရေးကြီးတာက “ အတွေး ” နဲ့ “ ယုံကြည်မှု ”..

“ ငါရိုက်လိုက်တဲ့ ဘောလုံးလေးဟာ ငါ လိုချင်တဲ့ နေရာကို ရောက်ကို ရောက်ရမယ် ။ ”

ဆိုတဲ့ အတွေးနဲ့ ယုံကြည်မှု ။ ဒါဟာ အဖေကတော့ ပြောတယ်။

“ ဒါဟာ အရမ်းလွယ်ကူတဲ့ အောင်မြင်ရေး ဖော်မြူလာပဲကွ။ ဒါပေမဲ့ ဒီလို လွယ်ကူတဲ့ အတွက် လူတွေက မယုံကြဘူး။ ဒါကြောင့် သူတို့ မယုံသလို သူတို့လည်း မအောင်မြင်ကြဘူး။ ငါ့သားလည်း ဒါကိုသာ အမြဲယုံကြည့်နေတဲ့ အချိန်တိုင်း အောင်မြင်နေရမှာပဲ.။ ”

ဒါနဲ့ပဲ.ကျွန်တော်လည်း သေချာ မရိုက်တတ်သေးတဲ့ ဂေါ့ဖ်တံနဲ့ မြေမှာ ထောင်ထားတဲ့ ဂေါ့ဖ်သီးဆီကို အားကုန်လွဲပြီး ငါ ဘယ်နေရာကို ရောက်ချင်တာကွာ ဆိုပြီး ကျွန်တော် အားကုန်ရိုက်လိုက်တယ်။

ဒါပေမဲ့ ဂေါ့ဖ်သီးက ကျွန်တော် လိုရာမရောက်ခဲ့ပါဘူး။ ဒီမှာ အဖေက ပြောတယ်။

“ အဲဒါ ဘာလို့မရောက်တာလဲ သိလားသား။ ”

ကျွန်တော် ခေါင်းခါပြပြီး ပြောလိုက်တယ်။

“ မသိဘူး အဖေ ၊ ဘာလို့လဲ။ ”

“ ငါ့သား စိတ်ထဲမှာ ငါက ဂေါ့ဖ် ရိုက်တာမှ မကျွမ်းကျင်သေးတာ ရိုက်လို့ ရောက်ပါ့မလား ၊ ဆိုတဲ့ စိတ်ရှိနေတာကိုး။ ဒီစိတ်ရောက် သားအခု ရိုက်လိုက်တာ လိုရာကို မရောက်တာ။ ဒီလိုသာ တွေးနေမယ် ဆိုရင် ဘယ်သူမှ ဂေါ့ဖ်သမား ဖြစ်လာမှာ မဟုတ်တော့ဘူး။

ဘာလို့လဲ ဆိုတော့ သူတို့ စိန်ခေါ်ရိုက်နေရမဲ့ ကွင်းတွေကလည်း သူတို့ ရိုက်ဖူးတဲ့ ကွင်းတွေ မဟုတ်ဘူးလေ.။ ကွင်းအသစ်တွေ ၊ ပြင်ဆင်ထားတဲ့ ကွင်းတွေမှာ သူတို့ကို ဖိတ်ခေါ်ပြီး ရိုက်ရတာလေ။ ဘယ်လောက် ဂေါ့ဖ် ကျွမ်းကျင်သူ ဖြစ်နေပါစေ။ သူတို့ ကျွမ်းကျွမ်းကျင်ကျင် ရိုက်နေကြ နေရာ မဟုတ်ဘူးလေ။

ဒီနေရာမှာ အဓိက က အဖေ ပြောခဲ့သလိုပဲ ။ ငါ ဘယ်လို ရိုက်မလဲ ဆိုတဲ့ အတွေးနဲ့ ရောက်ကို ရောက်ရမယ် ဆိုတဲ့ ယုံကြည်မှုပဲ။ အဲဒီမှာ ဒီနှစ်ခုထဲက တစ်ခုခု ချို့ယွင်းသွားရင် လိုရာနဲ့ လွဲသွားတာပဲ.။ ဒါကြောင့် အခု ဂေါ့ဖ် ရိုက်နေတာမှ မဟုတ်ဘူး။ ဘဝမှာလည်း ဒီလိုပဲ ကိုယ်မလုပ်ဖူးတဲ့ အရာ ၊ ကိုယ်မရောက်ဖူးတဲ့ နေရာ ၊ ကိုယ်မကျွမ်းကျင်တဲ့ အရာတွေနဲ့ ဆုံလာဦးမှာလေ။

ဒီမှာ ငါ မကျွမ်းကျင်တဲ့ အလုပ် ၊ မကျွမ်းကျင်တဲ့ နေရာဆိုပြီး မလုပ်တော့ဘူးလား။ ဒီလို လောကကြီးက အခြေအနေ မပေးဘူးကွ။ ဒီလို ကြုံဆုံလာတဲ့ အခါမှာ ကိုယ်စိတ်ထဲ ၊ ရင်ထဲက ဘယ်လောက် အတွေး နဲ့ ယုံကြည်မှု နဲ့ လုပ်ကိုင် နိုင်သလဲ။ ဒါကပဲ အဆုံးအဖြတ်ပေးသွားတာပါပဲ။

ကဲ. . ရော့ ။ နောက်တစ်လုံး ရိုက်ကြည့်စမ်း ။ ”

အဖေက ဒီလိုပြောပြီး ၊ မြေပြင်ပေါ်မှာ လဲနေတဲ့ ဂေါ့ဖ်သီး ထောက်တံလေးကို မြေမှာ စိုက်ပြီး ဂေါ့ဖ်သီးလေး တင်ပေးတယ်။ ကျွန်တော်လည်း မြေပြင်မှာ ထောင်နေတဲ့ ဂေါ့ဖ်သီးကို တစ်လှည့် ၊ ကျွန်တော် လိုရာကို တစ်လှည့်ကြည့်ပြီး ကျွန်တော် အဖေပြောတဲ့ ခြေထောက်ပုံစံ အတိုင်းထားပြီး အဲဒီနေရာကို ရောက်ကို ရောက်ရမယ်ကွာ ဆိုပြီး ကျွန်တော် အားကုန်ရိုက်လိုက်တယ်။

အဖေတို့လို ကျွန်တော် လူကြီး မဟုတ်တော့ အဖေတို့လို အဝေးကြီးရောက်အောင် မရိုက်နိုင်ပေမဲ့ အံ့သြဖို့ကောင်းစွာနဲ့ပဲ ကျွန်တော် ပထမအကြိမ် လွဲသွားတဲ့ နေရာထက်ပိုဝေးပြီး ပိုတိကျတဲ့ ကျွန်တော်လိုချင်တဲ့ နေရာကို ရောက်ခဲ့တယ်။

ဒါဟာ ကျွန်တော့်ဘဝအတွက် အကောင်းဆုံးသော အကြံပေးစကား တစ်ခွန်းပါ။ ကျွန်တော် ဒီစကားကို အဲဒီအကြိမ်ကမှ သုံးခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော် ဘယ်နေရာ ရောက်ရောက် ၊ ဘာတွေပဲ လုပ်လုပ် ၊ ဘယ်ပြိုင်ပွဲတွေပဲ ဝင်နွဲနွဲ ကျွန်တော် အဖေပြောခဲ့ ဒီစကားတွေကို ပြန်လည်ကြားယောင်ပြီး လုပ်ခဲ့တာပါပဲ.။ ဒီစကားလေးဟာ ကျွန်တော့်ဘဝအတွက် ကျွန်တော်ကြားခဲ့ဖူး သမျှတွေထဲမှာ အကောင်းဆုံးသော စကားလေးပါပဲ.။

ကောင်လေးတစ်ယောက် အနေနဲ့ ပြန်လည်ခံစားပြောသွားသူကတော့ ယနေ့ လက်ရှိ ကမ္ဘာ့နံပါတ် (၁) ဂေါ့ဖ်သမား တိုက်ဂါးဝုဖ် (Tiger Wood ) ပါပဲ။

0 comments:

Post a Comment

thank you for your comment