သူကြွယ်တစ်ဦးဟာ ရေစီးသန်တဲ့မြစ်ကို ကူးဖြတ်ရင်း လှေမှောက်သွားခဲ့လို့ မြစ်လယ်မှာရှိတဲ့ ကျောက်တုံးတစ်တုံးပေါ် တက်ပြီး အကူအညီရဖို့ အော်ဟစ်နေခဲ့တယ်။ အဲဒီအချိန်မှာ လူငယ်တစ်ဦး ရောက်လာခဲ့တယ်။ လူငယ်ဟာ ကိုယ့်အသက်ကိုမှမမှုဘဲ သူကြွယ်ကိုကယ်ဖို့ လှေကိုလှော်ခတ်ခဲ့တယ်။ ဒါပေမယ့် ရေစီးသန်တဲ့အတွက် လှေကထင်သလောက် အမြန်မလှော်နိုင်ခဲ့ဘူး။

"ငါ့ကို မြန်မြန်ကယ်ပါ.. ငါ့ကိုကယ်နိုင်ရင် မင်းကို ငွေတစ်ထောင်ပေးမယ်"

သူကြွယ်က အော်ဟစ်ပေမယ့် ရေစီးသန်တဲ့အတွက် လှေကဖြေးဖြေးပဲ ရွေ့လျားနိုင်ခဲ့တယ်။

"မြန်မြန်လှော်ပါ.. ဒီအရောက်လှော်ခဲ့ရင် ငါငွေနှစ်ထောင်ပေးမယ်"

လူငယ်က အားကြိုးမာန်တက် လှော်ခဲ့ပေမယ့် လှိုင်းတွေကြားမှာ ထင်သလောက်အရာမရောက်ခဲ့ဘူး။

"ရေတွေတက်လာပြီ .. အားစိတ်စမ်းပါ။ မင်းကိုငွေငါးထောင်ပေးမယ်"

သူကြွယ်ကအော်ဟစ်တယ်။ ရေက သူရပ်ထားတဲ့ကျောက်တုံးကို တဖြည်းဖြည်း မြှုပ်လာခဲ့ပြီဖြစ်တယ်။ လှေက သူကြွယ်ဆီတဖြေးဖြေး ချည်းကပ်လာခဲ့ပေမယ့် နှေးနေခဲ့တယ်။

"မြန်မြန်လှော် ငါ တစ်သောင်းပေးမယ်"

သူကြွယ်ရဲ့ ခြေကို ရေစမြှုပ်နေပြီဖြစ်တယ်။ ဒါပေမယ့် လှေနှုန်းက ပိုနှေးလာခဲ့တယ်။

"ငါးသောင်းပေးမယ်.. ငါးသောင်း.... "

စကားတောင်ဆုံးအောင် မပြောနိုင်ဘဲ လှိုင်းကြီးတစ်လုံးကြောင့် သူကြွယ်မြစ်ထဲကျ နစ်မြှုပ်ပြီး ရေနောက်လိုက်ပါသွားခဲ့တယ်။

လူငယ်က လှေကိုကမ်းကပ်ပြီး ဝမ်းနည်းစွာနဲ့ "ခင်ဗျားကို ကျွန်တော်ကယ်မလိုပါပဲ။ ဒါပေမယ့် ဘာကြောင့် ကျွန်တော့်ကို ငွေတွေလာပေးခဲ့ရသလဲ! တစ်ကြိမ်ပြီးတစ်ကြိမ် ငွေတွေတိုးပေးခဲ့လို့ ကျွန်တော်ဖြေးဖြေးလှော်ရင် ငွေပိုရနိုင်မယ်လို့ တွေးထင်ခဲ့တယ်။ ဒါကြောင့် ရေနောက်ခင်ဗျားပါသွားခဲ့တယ်။ ကျွန်တော်ကြောင့် ခင်ဗျားအသက်ဆုံးရှုံးခဲ့ရတယ်။ ဒါပေမယ့်... ခင်ဗျားကိုကယ်ဖို့ ကျွန်တော်စိတ်ထဲမှာ ရိုးသားမှုတွေပဲရှိပြီး အကျိုးအမြတ်ကို ထည့်မစဉ်းစားမိချိန်မှာ ခင်ဗျားဘာဖြစ်လို့ ကျွန်တော်ကို ငွေတွေပေးမယ်လို့ ပြောခဲ့ရသလဲ?"
နိုင်းနိုင်းစနေဘလော့မှကူးယူဖော်ပြပါသည်....
ဒီစာလေးကိုဖတ်ပြီး ရန်ကုန်မှာတုန်းက အစိုးရဌာနဆိုင်ရာရုံးတွေကိုဝင်ထွက်ခဲ့ရတဲ့အချိန်တွေကိုသတိရလိုက်မိတယ်... မိမိရဲ့အလုပ်အမြန်ပြီးမြောက်ဖို့အတွက် သက်ဆိုင်ရာစားပွဲတွေကို under table ကြေးပေးခဲ့ရတာတွေပေါ့..မပေးခဲ့ရင်လည်း
သူတို့တာဝန်အရသော်လည်းကောင်း စေတနာနဲ့သော်လည်းကောင်း လုပ်ပေးကောင်းလုပ်ပေးကြပါလိမ့်မယ်...ဒါပေမဲ့ လူတိုင်းလူတိုင်းက မိမိအလုပ်သာ အရင်ပြီးချင်လုပ်ပေးစေချင်တဲ့ စိတ်နဲ့ အစလုပ်ပြီးပေးကြတဲ့အတွက်..ဒီအဖြစ်ကြီးက တရားဝင်လိုဖြစ်သွားခဲ့ရတယ်....မပေးရင်ဘဲ လုပ်ပေးမှာမဟုတ်ဖူးဆိုတဲ့အတွေးက လူတိုင်းဆီမှာ ရှိသွားခဲ့တယ်...ဒီတော့ ဒီလူ(၀န်ထမ်း)တွေရဲ့အကျင့်ကို ပြောင်းလဲပေးလိုက်တဲ့လူတွေက
ဝန်ထမ်းတွေကိုယ်တိုင်လား....ပေးကမ်းတာကို အစလုပ်ပြီးပေးကြတဲ့လူတွေလားဆိုတာတော့ မုံ့လုံးစက္ကူကပ်သလိုရှုပ်ထွေးနေမဲ့မေးခွန်းဘဲဖြစ်ပါလိမ့်မယ်...

0 comments:

Post a Comment

thank you for your comment