“သား..အွန်လမ်း ဆိုတာ သိလား..”
“ခင်ဗျာ။ အွန်လမ်း..?။ သား မသိဘူး..အမေ၊ အဲဒါ ဘာကြီးတုန်း။”

ကျွန်တော် နိုင်ငံခြားတွင် အလုပ်လုပ်ပါသည်။ တစ်နှစ်လျှင် ခွင့်တစ်လရသည်။
ထိုသို့ခွင့်ရသော် ဇာတိမြို့သို့ ပြန်သည်။ မြို့ ဟု အမည်တွင်သော်လည်း
ရွာကြီးသာသာ။ ကွန်ပျူတာမရှိ၊ အင်တာနက် မရှိ၊ တယ်လီဖုန်း အနည်းအကျဉ်း။
လူစည်ကားသော နေရာဟူ၍ ကမ်းနားနှင့် ဈေးကြီးတစ်ဈေးသာ ရှိသည်။ မြို့မဈေး။
မြို့မဈေးထဲတွင် အမေ့ အထည်ဆိုင်ရှိသည်။ အဖေက ၀န်ထမ်း။

အလုပ်မှ ခွင့်ရ၍ အိမ်သို့ တစ်လ ခွင့်ပြန်စဉ်၊ အမေက ထိုသို့ မေးခဲ့သည်။

“အမလေး..တော်ပါသေးရဲ့။ သား .. မသိလို့။
ဈေးထဲက ဒေါ်ရှုရင်ရွှေဆိုင်ကို သိတယ် မို့လား။ သူ့သားလေးလေ..နိုင်ငံခြားမှာ
ကျောင်းတက်ပါရော။ အင်ဂျင်နီယာလေးလေ။ အဲဒါ ပြန်လာတော့ မိန်းမယူတယ်။ သူ့
မိန်းမကလေးက ချောလိုက်တာမှ မွတ်နေတာပဲ။ ဈေးထဲမှာ စပ်စုကြည့်တော့
သူတို့နှစ်ယောက်က အွန်လမ်းမှာ တွေ့ခဲ့တာတဲ့လေ။
နောက်ပြီး.. ဟိုဘက်လမ်းထိပ် အပေါင်ဆိုင်အိမ်က ကောင်မလေးလဲ အဲဒီလိုပဲ။
ကျောင်းသွားတက်ပြီး ကျောင်းပြီးလို့ အလုပ်ရပြီး သိပ်မကြာဘူး၊ မင်္ဂလာ
ဆောင်တယ်။ သတို့သားက တို့မြို့ကလည်း မဟုတ်ပါလား .. ဆိုတော့.. သူလဲ
အွန်လမ်းကနေ တွေ့ခဲ့တာတဲ့။.. နိုင်ငံခြားမှာ အွန်လမ်း ဆိုတာ ရှိတယ်ဆို..။
သား အဖေကတော့ ပြောပါတယ်.. အဲဒီ အွန်လမ်းကို ကွန်ပျူတာထဲကနေ သွားမှ
ရောက်တာတဲ့။
အမေလဲ သိပ်နားမလည်ပါဘူး.. သားရယ်။ ဘာပဲဖြစ်ဖြစ်.. သား.. အွန်လမ်းဘက်ကို
မသွားနဲ့နော်..။ သားလည်း အရွယ်ရောက်ပြီပဲ။ ဒါပေမယ့် အမေ့စိတ်ထဲ ငါ့သား
ငယ်သေးသလားလို့ပါ..။”

အမေ ထိုသို့ပြောစဉ်၊ ကျွန်တော့် စိတ်ကူးထဲတွင်မူ အပြင်တွင် လူချင်း
တစ်ခါမျှ မတွေ့ဖူးသေးသော၊ စကားပြောဖော်ပြောဖက် ရင်ဖွင့်ဖော်ဖွင့်ဖက်
မိတ်ဆွေ ကောင်မလေးအား သတိရလျှက်။ ။

0 comments:

Post a Comment

thank you for your comment