သော့(၁) WATER
မနက်ရေတစ်ခွက်သောက်ခြင်းသည် ခန္ဓာကိုယ်နှင့်ရေ ညီမျှစေ၏။

သော့(၂) SLEEP
အိပ်ချိန် ညာစောင်း၍ လေးကိုင်းသဏ္ဍာန်အိပ်ခြင်းသည် အိပ်ရေးဝစေ၏။

သော့(၃) APPETITE
အစာကို ၇ပုံမျှသာအဝစားခြင်းသည် ခန္ဓာကိုယ်အား ကျန်းမာစေ၏။

သော့(၄) EXERCISE
အားကစားလုပ်ခြင်းသည် စိတ်ခန္ဓာအား တက်ကြွစေ၏။

သော့(၅) MUSIC/LITERATURE
ဂီတသည် နှလုံးကိုရွှင်စေ၏။ စာဖတ်ခြင်းသည် အသိဥာဏ်ကို တိုးစေ၏။

သော့(၆) BEANS
ပဲအမြဲစားခြင်းဖြင့် အသက်ကိုစေရှည်သည်။

သော့(၇) VICES
ဆေးလိပ်၊ အရက်ကို လက်ပြနှုတ်ဆက်ပါ။

သော့(၈) LOVE/SEX
လိင်နှင့်အချစ်ကို ညီမျှပါစေ။

သော့(၉) LONELINESS
အထီးကျန်ခြင်းက ရုန်းထွက်နိုင်လျှင် သင်ကျန်းမာပြီ။

သော့(၁ဝ) MIND
ဦးနှောက်ကို မပြတ်သုံးပေးခြင်းဖြင့် အိုမင်းခြင်းကို ကာကွယ်နိုင်သည်။

သော့(၁၁) TEA
ရေနွေးကြမ်း အမြဲသောက်သုံးခြင်းသည် ဝိတ်ကျစေ၏၊ ကင်ဆာကို ကာကွယ်ပေး၏၊ အရွယ်တင် နုပျိုစေ၏။

သော့(၁၂) SMILE
ဘဝကို အပြုံးနဲ့ရင်ဆိုင်ပါ။

ပျင်းကြောဆန့်ခြင်း

ပင်ပန်းနွမ်းလျချိန် ပျင်းကြောဆန့်ခြင်းဖြင့် နေသာထိုင်သာရှိစေသည်။ အလုပ်နှင့်လက် မပြတ်သူများအတွက် ပျင်းကြောဆန့်ခြင်းသည် ခန္ဓာကိုယ်အတွက် အကောင်းဆုံး လှုပ်ရှားနည်းတစ်မျိုးဖြစ်သည်။ လူခန္ဓာကျန်းမာဖို့အတွက် အဓိကအရေးပါသောအချက်မှာ ပုံမှန်သွေးလည်ပတ်မှုဖြစ်သည်။ အကြောင်းမှာ ခန္ဓာကိုယ်အစိတ်အပိုင်းများသို့ အာဟာရပေးဝေခြင်း၊ မလိုအပ်သည့်အရာများကို ဖယ်ရှားပေးခြင်း စသည့်အလုပ်ကို လည်ပတ်နေသည့်သွေးက လုပ်ဆောင်ပေးနေသောကြောင့်ဖြစ်သည်။ ပျင်းကြောဆန့်ခြင်းသည် ခန္ဓာကိုယ်ရှိကြွက်သားများကို ကျုံ့ဆန့်ပေးသည်။

စက္ကန့်ပိုင်းမျှ ပျင်းကြောအခါခါဆန့်ပေးခြင်းဖြင့် အနယ်ထိုင်နေသောသွေးများက နှလုံးဆီသို့ပြန်စီးပြီး သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေသည်။ တစ်ချိန်တည်းမှာပင် ကြွက်သားများကျုံ့ဆန့်ခြင်းဖြင့် ကြွက်သားအတွင်းရှိ သွေးများကိုလည်း လည်ပတ်အားကောင်းစေသည်။ ကြွက်သားအတွင်းရှိ မလိုအပ်သည့်အရာများကို သယ်ဆောင်ဖယ်ရှားပေးသဖြင့် ပင်ပန်းညောင်းညာမှုကို ပျောက်စေပြီး ခန္ဓာကိုယ်ကို လန်းဆန်းတက်ကြွစေသည်။ ထို့အပြင် ပျင်းကြောဆန့်ချိန် လူအများက လက်နှစ်ဖက်ကို နောက်သို့ ဆန့်တန်းတတ်သည့်အတွက် ရင်ဘတ်လှုပ်ရှားမှုကိုလည်းဖြစ်စေပါသည်။

သောက်သုံးရန်မသင့်သော ရေ(၅)မျိုး

(၁) မီးဖိုပေါ်တွင် အချိန်ကြာမြင့်စွာ ဆူပွက်အောင်ထားသည့် ရေနွေး
(၂) ဓာတ်ဗူးထဲတွင် ရက်ကြာမြင့်စွာထားသည့် မလတ်ဆတ်သောရေနွေး
(၃) အကြိမ်ကြိမ်ဆူဗွက်အောင် ကြိုခဲ့သောရေနွေး
(၄) တစ်ညလွန်သောရေနွေးကို ထပ်ကြိုထားသောရေနွေး (သို့) ထပ်မကြိုထားသောရေနွေး
(၅) ထမင်း၊ ဟင်းပေါင်းခံရည်

၎င်းရေများ သောက်သုံးရန်မသင့်ခြင်းမှာ အကြိမ်ကြိမ် ဆူဗွက်ပြီးသောရေတွင် ကယ်လစီယံ၊ မက်ဂနီစီယံ၊ ဂရိုရင်းနှင့် အခြားသတ္တုများ ပိုမိုတိုးလာပြီး ကျောက်ကပ်ကို ထိခိုက်စေနိုင်သောကြောင့်ဖြစ်သည်။

သစ်သီးများ အလွန်အကျွံမစားသင့်ပေ

ဂျပန်နိုင်ငံ Kyoto University ဆေးပညာဘာသာရပ် ပရော်ဖက်ဆာ Teng Tian Ichiro၏ ပြောကြားချက်အရ သစ်သီးအလွန်ကျွံစားသုံးပါက ခန္ဓာကိုယ်တွင်း ဗီတာမင်C များပြားစေပြီး oxalic acidကို အလွယ်တကူဖြစ်ပေါ်စေသည်။ oxalic acid နှင့် လူခန္ဓာကိုယ်ရှိချွေးများ ပေါင်းစပ်ပြီး အရေပြားကြမ်းခြင်း၊ ထိခိုက်ခြင်းများ ဖြစ်စေတတ်သည်။ ပြင်းထန်ပါက ဆေးနှင့်မတည့်သော အရေပြားရောဂါများ ဖြစ်စေတတ်သည်။

အမေရိကန်ပညာရှင်များ၏ ဆန်းစစ်ချက်မှာလည်း ထိုနည်းအတူဖြစ်သည်။ မတူသောရာသီ၊ မတူသောရောဂါများတွင် သစ်သီးများကိုရွေးချယ် စားသုံးသင့်သည်ဟု ပညာရှင်များက ခန့်မှန်းကြသည်။



Crataegus (山楂 (shanzha))


ဥပမာ- ဆောင်းဦးနှင့်ဆောင်းရာသီများတွင် စိုထိုင်းမှုနည်းသောကြောင်း သစ်တော်သီးနှင့် အစာကြေလွယ်သော ငှက်ပျောသီး၊ ပန်းသီးများကို စားသုံးသင့်သည်။ နှစ်ရှည်ချောင်းဆိုးသူများ သစ်တော်သီးကို စားပေးနိုင်သလို နှလုံးအားနည်းသူ၊ သွေးတိုးရှိသူ၊ အစာမကြေလွယ်သူများ Crataegusကို အမြဲစားသင့်သည်။

ကြက်ဥများ အလွန်အကျွံ မစားသင့်ပေ

အာဟာရဓာတ်များ အများအပြားပါဝင်သော ကြက်ဥသည် လူတိုင်းအတွက် အားတိုးဆေးဖြစ်သည်။ ကြက်ဥစားနည်း များစွာရှိသော်လည်း အောက်ပါစားနည်းနှစ်မျိုးမှာ အကောင်းဆုံးစားနည်းဖြစ်သည်။

(၁) ကြက်ဥအနှစ်ကို ဟင်းရည်ချက်ခြင်း (သို့) ရေနွေးဆူထဲ ဖောက်ထည့်ပြီး စားသုံးခြင်း
(၂)ကြက်ဥဟတ်ဘွိုင်ကြော်ရာတွင် သကြားအနည်းငယ်ထည့်ခြင်းဖြင့် ပိုအကျိုးရှိသော အာဟာရကိုရစေသည်။

လူတချို့က အာဟာရဓာတ်များသော ကြက်ဥကို များများစားသုံးပေးခြင်းဖြင့် အာဟာရများစွာ ရနိုင်သည်ဟု ထင်မှတ်မှားတတ်ကြသည်။ လူတစ်ဦးမှာ နေ့စဉ်ကြက်ဥတစ်လုံးမှနှစ်လုံးထိ စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက်လိုအပ်သော ပရိုတင်းဓာတ်ကို အလုံအလောက်ရနိုင်သည်။

ထမင်းမစားမီ ဟင်းရည်တစ်ခွက်သောက်ဖို့ မမေ့ပါနှင့်

ထမင်းမစားမီ ဟင်းရည်ပူပူ အရင်သောက်ခြင်းဖြင့် ခန္ဓာကိုယ်ဝိတ်အား ထိန်းသိမ်းပေးသည်။ အမေရိကန်ပညာရှင်များက ခန္ဓာကိုယ် ဝဖြိုးသူအယောက်(၁ဝဝဝ)ဖြင့် လေ့လာဆန်းစစ်ရာတွင် ထမင်းမစားမီ ဟင်းရည်ပူသောက်သူသည် စားသောထမင်းနပ်တိုင်းတွင် ကယ်လိုရီ ၅၅ကတ် လျှော့နည်းရရှိစေသည်။ သာမန်အားဖြင့် ထမင်းစားမြန်သူသည် အဝလွယ်သည်။ အကြောင်းမှာ ဦးနှောက်အတွင်းရှိ (အာသာ) ချင်ခြင်းအကန့်မှ "စားဝပြီ" ဆိုသည့်သတင်းရဖို့ အချိန်အနည်းငယ်ယူရသည်။ ထိုအချိန်ယူနေစဉ်အတွင်းတွင် အစားမြန်သောသူက ပိုလွန်သောအစားများ စားသုံးပြီးဖြစ်သည်။ အကယ်၍ ထမင်းမစားမီ ဟင်းရည်တစ်ခွက်သောက်ခြင်းဖြင့် ထမင်းအစားနည်းစေပြီး ဝခြင်းမှကာကွယ်ပေးနိုင်သည်။

အကောင်းဆုံး ရေသောက်ချိန်

ယေဘုယျအားဖြင့် လူတစ်ဦးသည် တစ်နေ့လျှင် အနည်းဆုံး ရေ(၁၅ဝဝcc) သောက်သင့်သည်။ နှလုံးနှင့် ကျောက်ကပ်ဆောင်ရွက်အားနည်းသူမျှလွဲ၍ ရေကိုလုံလောက်စွာ သောက်သင့်သည်။ အထူးသဖြင့် ပူသော(သို့) လေအေးစက်ဖွင့်ထားသော နေအိမ်နှင့်ရုံးခန်းတွင် လေထုခြောက်ကပ်သောနေရာတွင် ပိုမိုသောက်သင့်သည်။ နေ့စဉ်ထမင်းသုံးနပ်ကြားနှင့် ထမင်းစားချိန်တွင် ရေမကြာခဏသောက်ပေးသင့်သည်။ သို့သော် တစ်ကြိမ်တည်းတွင် အလွန်အမင်း မသောက်သင့်ပေ။

မနက်စာ အစားဝရုံမက အကောင်းစားသင့်သည်

"မနက်စာ ဝဝစား၊ နေ့လယ်စာ ကောင်းကောင်းစား၊ ညစာ နည်းနည်းစား" ဆိုသည့်အတိုင်း "မနက်စာ ဝဝရင်ရပြီ" ဟု လူအများက ဆိုကြသည်။ ထိုထက်သာမက မနက်စာသည် တစ်နေ့တာအတွက် အရေးပါသော နပ်တစ်နပ်ဖြစ်သည်။ အာဟာရပြည့်သော၊ ပရိုတင်းဓာတ်ပါသော မနက်စာသည် ဂလုကို့ကို ခန္ဓာထဲတွင် ကြာရှည်ထိန်းထားပေးနိုင်သည်။ မနက်စာတွင် hot drinkဖြစ်သော ကော်ဖီ၊ လက်ဖက်ရည်အပြင် ကောက်ပဲသီးနှံစာများ (ဂျုံဖြင့်စီမံထားသော အစားအစာ)၊ တိရစ္ဆာန်မှရသော ပရိုတင်း(နွားနို့၊ ဒိန်ချဉ်၊ ကြက်ဥ)၊ သစ်သီး (သို့) သစ်သီးဖျော်ရည်နှင့် အချိုဓာတ်၊ အဆီဓာတ်နည်းသော အစားအစာများကို စားသုံးသင့်သည်။ မနက်စာကို အဝစားရုံမက အကောင်းစားသင့်သည်။

အမေရိကန် ချီကာဂိုတက္ကသိုလ်မှ လေ့လာချက်အရ ပရိုတင်းဓာတ်များသောမနက်စာကို စားသုံးခြင်းဖြင့် ဂလုကို့မှာ (၁၅)မိနစ်အတွင်း မစားသုံးမီ ၇ဝ~ ၈ဝ Mg ထက် ၁၄ဝ~၁၅ဝMg ထိမြင့်တက်သွားသည်ကို တွေ့ရသည်။ (သာမန် ကလုကို့အဆင့်မှာ ၈ဝ~၁၂ဝMg ကြားတွင်ရှိသည်)။ လူ့ခန္ဓာအတွက် အားအင်ကို သာမန်ထက် (သို့) သာမန်ထက်မြင့်သော သွေးဖိအားမှ ရရှိခြင်းဖြစ်သည်။

စပျစ်ဝိုင်၏ အသုံးဝင်ပုံ

(၁) သင့်တင့်သော စပျစ်ဝိုင်ကို သောက်သုံးပေးခြင်းဖြင့် နှလုံးရောဂါဖြစ်ပွါးမှုကို ကာကွယ်ပေးနိုင်သည့်အပြင် နှလုံးသွေးကြောများကိုလည်း ပြုပြင်ထိန်းသိမ်းပေးနိုင်သည်။ တစ်ကြိမ်တွင် ၂၅~၅ဝဂရမ်ဖြင့် တစ်ရက်တွင် တစ်ကြိမ် (သို့) နှစ်ကြိမ်သောက်သုံးနိုင်သည်။

(၂) စပျစ်ဝိုင်ဖြူသည် ချိုမြပြီး ချဉ်စုတ်စုတ်အရသာရှိသည်။ ထမင်းစားပြီး သောက်သုံးခြင်းဖြင့် အစာချေရည်ကို နှိုးဆွခြင်း၊ သည်းခြေရည်ဖြစ်ပေါ်ခြင်း၊ အဆီကိုချေပေးခြင်းများ ပြုလုပ်ပေးသည်။

(၃) စပျစ်ဝိုင်တွင် သကြားဓာတ်၊ Amino acidများပါဝင်သည့်အပြင် ပြည့်ဝသော ဗီတာမင် B12, B1、B2 နှင့် ဗီတာမင်C များပါဝင်သောကြောင့် သွေးအားနည်းရောဂါအတွက် အကောင်းဆုံးဖြစ်သည်။

(၄)စပျစ်ဝိုင်ဖြင့် တုပ်ကွေးရောဂါကို ကုသနိုင်သည်။ ကုသနည်းမှာ စပျစ်ဝိုင် ၃ဝ~ ၉ဝgအား အနွေးဓာတ်ပေးပြီး တစ်နေ့ ၂ကြိမ်မှ ၃ကြိမ်အထိ သောက်ပေးခြင်းဖြစ်သည်။

လက်ဖက်ခြောက်

လက်ဖက်ခြောက်သည် သွေးတိုးရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးသည်။ လက်ဖက်ခြောက်တွင်ပါဝင်သော catechins၊ ဗီတာမင်Cနှင့်ဗီတာမင်Pများသည် သွေးကြောပျော့ပျောင်းခြင်း၊ သွေးထဲတွင်ပါဝင်သော ကိုလက်စထရောအား လျော့ချပေးခြင်း၊ အသဲတွင်စုနေတတ်သော အဆီဓာတ်များကို ချေဖျက်ပေးခြင်းများ ပြုလုပ်ပေးခြင်းဖြင့် သွေးတိုးရောဂါ၊ နှလုံးလုပ်ဆောင်အားနည်းခြင်းနှင့် အသည်းအဆီဖုံးခြင်းကို ကာကွယ်ပေးသည်။ အသုံးပြုနည်းမှာ တစ်ကြိမ်တွင် Green Tea (မလှော်ရသေးသည် လက်ဖက်ခြောက်အစိမ်း) ၁~၂gနှင့် Crataegusအခြောက်၅gကို နေ့စဉ်အတူထည့်ခတ်သောက်ပါ။ အမြဲသောက်သုံးပေးရန် လိုပါသည်။


***ကျွန်မဘာသာပြန်တွေရေးမှန်းသိတော့ ထိုင်ဝမ်ကစာဖတ်သူတစ်ဦးက သူဖတ်မိတဲ့ စာကောင်းလေးတွေကို ကျွန်မဆီအီးမေးလ်နဲ့ ပို့ပို့ပေးတတ်တယ်။ (謝謝-阿聰) ဒီစာက သူပို့ပေးတဲ့ အီးမေးလ်ထဲကပါ။ ရေးလို့ မပြီးသေးပါဘူး။ နောက်မှထပ်ဆက်ရေးလိုက်ပါမယ်။ အသက်အရွယ်ကြီးလာတော့ ကျန်းမာရေးကို မလိုက်စားလို့လည်း မရတော့ပါဘူး။ ဒါကြောင့် ကျန်းမာရေးနဲ့ပတ်သက်တဲ့ စာလေးတွေ မဖတ်ချင်လည်း ကိုယ်တိုင်ဖတ်ဖြစ်အောင် ဘာသာပြန်လိုက်ပါတယ်။ လူတိုင်းအတွက် များများမဟုတ်တာတောင် နည်းနည်းတော့ အသုံးဝင်မယ် ထင်ပါတယ်း)
ဗုဒ္ဓဆိုတာ ဘုရားဆိုတာထက် လေးနက်တဲ့အဓိပ္ပါယ်ရှိပါတယ်။ မူရင်းအ ဓိပ္ပါယ် ကလဲ ဘုရားမဟုတ်ပါဘူး။ နာမ်စားအနေနဲ့သာ မြန်မာဗုဒ္ဓဘာသာအချင်း ချင်းမှာ ဘုရားလို့သုံးတာဖြစ်တယ်။ နိုင်ငံတကာမှာဆိုရင် ဗုဒ္ဓလို့ပဲသုံးတယ်။
ဗုဒ္ဓဆိုတာ သစ္စာ(၄) ပါးသိသူကိုမှ ခေါ်တာဖြစ်တယ်။ ဗုဒ္ဓဆိုတာ ဘုရားလို့ပေါ့ပေါ့ လေးပြောရင် ဟိုဘုရားသခင်ဆိုတဲ့ ဖန်တီးရှင်တွေနဲ့ ရောထွေးသွားမယ်။ သစ္စာ (၄)ပါးသိသူတွေကိုမှထပ်ပြီးခွဲထုတ်လိုက်ရင်-

(၁) သဗ္ဗေညုတဗုဒ္ဓ ( ၄ / ၈ / ၁၆ သင်္ချေ၊ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရမယ်)
(၂) ပစ္စေကဗုဒ္ဓ ( ၂ - သင်္ချေ၊ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရမယ်)
(၃) သုတဗုဒ္ဓ ဆိုတာရှိပါသေးတယ်။

( ပိဋက (၃) ပုံ အာဂုံဆောင်နိုင်သူ (ရဟန်း၊ လူ) ၊ (၀ါ) ပရိယတ္တိ သာသနာအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွတ်နေသူတွေကို ဘုရားရှင်ကိုယ်တော်တိုင်က သုတ ဗုဒ္ဓ ဟု ချီးကျူးခေါ်ဆိုပါတယ်။ မြန်မာ့သမိုင်းမှာတော့ ကျေးဇူးတော်ရှင်မင်းကွန်း ဆရာတော်ဘုရားကို ဝေဘူဆရာတော် ဘုရားကြီးကသုတဗုဒ္ဓ ဟုဂုဏ်ပြုခေါ်ဆိုပါတယ်။)


ဖွားမြင်ခြင်းနှင့်တောထွက်ခြင်း
ယနေ့ ဗုဒ္ဓဘာသာဝင်တို့အား တရား စတင်ညွှန်ပြသူသည် သမ္မာသမ္ဗုဒ္ဓဘုရားဖြစ် သည်။ ဘုရားရှင်၏ မျိုးနွယ်မှာ ဂေါတမဖြစ်၍ ဂေါတမဗုဒ္ဓ -ဟု အမည်တွင်သည်။ ဘုရားကို ရှေးမြန်မာတို့က (ပုသျှ) ဟု ခေါ်ခဲ့ကြသည်။ ကာလအလျောက် ပုသျှ-ပုရား-ဖုရား-ဘုရား စသည်ဖြင့် ပြောင်းလဲခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။ ဟိန္ဒူဗြဟ္မဏတို့ က လူအများအား လမ်းညွှန်ပြသော ခေါင်းဆောင်ကို (ပုရုသျှ)ဟု ခေါ်သည်။ ပုရုသျှ သည် ပါဠိလို (ပုရိသ)ဖြစ်သည်။ မြန်မာလို ယောက်ျား ဟုအဓိပ္ပါယ်ရသည်။ ပုရိသမှ ပုဂံခေတ်တွင် ပုရဟာ၊ ပုရဟာမှ ပုရှာ၊ ပုရှာမှ ဘုရားဟု ပြောင်းလဲလာသည်။ တရား ညွှန်ပြသူ ဘုရားသည် လွန်ခဲ့သောနှစ်ပေါင်း ၂၅၅၀ကျော်က ပေါ်ပေါက်ခဲ့သူဖြစ် သည်။ ယခု အိန္ဒိယပြည်မြောက်ပိုင်း၊ နီပေါနယ်စပ်၌ကပိလ၀တ်ပြည် ရှိခဲ့သည်။ ယင်းပြည်သည် အများဆန္ဒဖြင့် အုပ်ချုပ်ကြသည့် “ဂဏ”တိုင်းပြည်ငယ် ဖြစ်သည်။ ကပိလ၀တ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒနနှင့် မယ်တော် မဟာမာယာဂေါတမီဒေ၀ီတို့မှ ဘုရားအလောင်းလျာကို မွေးဖွားခဲ့သည်။ ငယ်မည် သိဒ္ဓတ္ထကုမာရ ဖြစ်သည်။ အမျိုး နွယ်ဟူသည်မှာ အမိဘက် အမျိုးအအမည်ဖြစ်၍ ဂေါတမအနွယ် ဖြစ်သည်။ အမျိုး မှာ အဖဘက်အမျိုးအမည် သကျဟုခေါ်သော သာကိယမျိုးဖြစ်သည်။ သိဒ္ဓတ္ထကု မာရ ၁၆နှစ်သားအရွယ်တွင် ဘဒ္ဒကဉ္စနာ ငယ်မည်ရှိသော ယသောဓရာ အမည်ရှိ မင်းသမီးနှင့် ထိမ်းမြား၍ ကပိလ၀တ်ထီးနန်းကိုဆက်ခံကာ ဘုရင်ပြုအုပ်ချုပ်ခဲ့ သည်။ ဘုရင်အဖြစ် ကာမဂုဏ်စည်းစိမ်ချမ်းသာကို အသက်၂၉နှစ်အထိခံစားခဲ့ သည်။ အသက်၂၉နှစ်တွင် တိုင်းခန်းလှည့်လည်ရင်းလောကကြီး၏ နိမိတ်လေးပါး ကိုမြင်ခဲ့သည်။

ယင်းနိမိတ်လေးပါးမှာ-
(၁) လောကကြီး၏ မရှင်မသန်တော့ဘဲ အိုမင်းရင့်ရော်နေခြင်းနိမိတ်၊(သူအို)
(၂) လောကကြီး၏ ပျက်စီးယိုယွင်းနေသည့် နိမိတ်၊(သူနာ)
(၃) လောကကြီး၏ ရှင်သန်မှုကင်း၊ သေဆုံးနေခြင်း နိမိတ်၊(သူသေ)
(၄) လောကကြီးအတွက် အပြစ်အနာအဆာ ကင်းမဲ့ရာကို ရှာဖွေခြင်းနိမိတ်၊(ရဟန်း) ဟူ သောနိမိတ်ကြီးလေးပါး ဖြစ်သည်။
ယင်းနိမိတ်ကို နှောင်းလူများက သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟု တင်စားပြောဆို သိနားလည်ခဲ့ကြ၏။ ယင်းနိမိတ်များကို ဆင်ခြင်သံဝေဂယူခါ သိဒ္ဓတ္ထကုမာရ သည် အမိ၊ အဖတို့ မျက်ရည်အသွယ်သွယ် စီးကျစဉ်၊ အမိအဖတို့မျက်မှောက်မှ ထီးနန်း ကိုစွန့်ခါ ဖန်ရည်စွန်းအ၀တ်ကိုဝတ်၍ အိုမင်းရင့်ရော်ခြင်း၊ ပျက်စီးယိုယွင်းခြင်း၊ ရှင်သန်မှုကင်း သေဆုံးခြင်းတို့မှ လောကကြီးလွတ်မြောက်ရေး ရနိုင်မည့် တရား (ဥတ္တရိမနုဿဓမ္မ)ကို ရှာဖွေခဲ့သည်။

တရားရှာခြင်း
သိဒ္ဓတ္ထကုမာရသည် တရားရှာဖွေရန်ထွက်ခွါရာ၌-
(၁) ငါ -တရားသိသလို လူတွေအားလုံး တရားသိစေရမည်၊ (ဗုဒ္ဓေါဗောဓေယျံ)။
(၂) ငါ -တရားကျင့်သလို လူတွေအားလုံး တရားကျင့်စေရမည်၊(တိဏ္ဏော တာရေ ယျံ)။
(၃) ငါတရားရ၍ လွတ်မြောက်ပြီး ငြိမ်းချမ်းသလို၊လူတွေအားလုံးတရားရ၍ လွတ် မြောက်ပြီး ငြိမ်းချမ်းစေရမည်၊ (မုတ္တော မောစေယျံ)-ဟု ရည်ရွယ်ချက်ထားရှိခဲ့ သည်။ သိဒ္ဓတ္ထမင်းသားသည် တရားရှာဖွေသည့်အခါ ကာမအာရုံများကိုအပြစ်မြင် စွန့်ခွါခဲ့ပြီးနောက်၊

(၁) အာရုံအများကို ၀င်စားခြင်း အတွေးစိတ်များကို ပယ်ဖျက်၍(သညာဝိရာဂ)၊ တစ်နေရာတည်းတွင် တစ်ကိုယ်တည်း၊ တစ်အာရုံတည်းမှာ တစ်စိတ်တည်းဖြင့် (ရုပ်)အာရုံတစ်ခုတည်းမှာစွဲမြဲစေသော ရူပဈာန်အကျင့်ကိုလည်းကျင့်ခဲ့သည်။ ထိုအ ခါအသိမဲ့ချမ်းသာကို ခံစားရသည်။ ထိုအသိမဲ့ချမ်းသာသည် ကာမချမ်းသာ ထက် ပို၍ပို၍ အလှိုင်းကြီးချမ်းသာသော်လည်းလောကကြီးလွတ်မြောက်ရေး ရနိုင် မည့်တ ရား(ဥတ္တရိမနုဿဓမ္မ)ကို မရခဲ့ပေ။
(၂) ထိုနောက် အာဠာရ၊ ဥဒက ဟုအမည်ရှိသော ရသေ့များထံ နည်းခံ၍ ရုပ်အာရုံ များကိုပယ်ဖျက်ခြင်း(ရူပ၀ိရာဂ)၊ ထိုမရှိအာရုံ၌စွဲမြဲစေသောအရူပဈာန်အကျင့်ကို လည်းကျင့်ခဲ့သည်။ ထိုအခါ အရှိမဲ့ချမ်းသာကို ခံစားရသည်။ ထိုအရှိမဲ့ချမ်းသာသည် ကာမချမ်းသာထက် ပို၍ချမ်းသာသော၊ ရူပဈာန်(အသိမဲ့ချမ်းသာ)ထက် ပို၍ပို၍ အလှိုင်းကြီး ချမ်းသာသော်လည်း လောကကြီးလွတ်မြောက်ရေးရနိုင်မည့်တရား (ဥတ္တရိမနုဿဓမ္မ)ကို မရခဲ့ပေ။ သိဒ္ဓတ္ထကုမာရသည် ဤရူပဈာန်၊ အရူပဈာန်များကို ပြင်းပြင်းထန်ထန် အဆင်းရဲအပင်ပန်းခံ၍ သေလုနီးပါး ၆နှစ်မျှကျင့်သော်လည်း လောကကြီးလွတ် မြောက်ရေး ရနိုင်မည့်တရား (ဥတ္တရိမနုဿဓမ္မ)ကို ရှာမတွေ့ခဲ့ ပေ။ အရူပဈာန်ကျင့်ရင်း သေလုနီးပါး ဖြစ်သောအခါမှ သတိပြန်လည်ကာ ယင်းအကျင့်များသည် ကိုယ့်ကိုယ်စိတ်ညှဉ်းပမ်းရေးလမ်း တစ်နည်းအားဖြင့် ဘ၀ ညှိုးနွမ်းခြောက်ခန်းစေသောအကျင့်(အတ္တကိလမထာနုယောဂ)အဖြစ်ဖြင့်တရားမရစေသောလမ်း ဟု သိမြင်၍၊ ယင်းအကျင့်များ စွန့်ပယ်လိုက်သည်။

သမ္မာသမ္ဗုဒ္ဓဘုရားဖြစ်ခြင်း
ထို့နောက် ငယ်စဉ်ပက်လက်မျှနေစဉ် လူမမည်ဘ၀က၊ ဖခင်သုဒ္ဓေါဒနဘုရင်ကြီး လယ်ထွန်မင်္ဂလာဆင်းစဉ် အထိန်းတော်များသည် မိမိကိုသပြေပင်ရိပ်၌သိပ်ခါ နို့ချို မတိုက်၊ ရေမတိုက်ဘဲနံနက်မှသည်ညနေစောင်းသည်ထိအထီးတည်းထားခဲ့သော် လည်း၊ မိမိ၌စိတ်ဆိုး၊ စိတ်ဆာမှုမရှိဘဲ ငြိမ်းချမ်းစွာကြည်ကြည်လင်လင် နေထိုင် သောကြောင့် ဖခင်ဘုရင်ကြီး၏ ဂရုဂါရ၀ပြုခံရမှု၏ အကြောင်းရင်းများကို ပြန်လည်ဆင်ခြင်ကာ၊ ယင်းနေထိုင်မှုကို ပြန်လည်ကျင့်သုံးရင်း အမြင့်မြတ်ဆုံးသော လူသား၏ ဂုဏ်ရည်သိက္ခာတရား (ဥတ္တရိမနုဿဓမ္မ)ကို ထိုးထွင်းသိမြင်ခဲ့သည်။ တရားကိုသိမြင်၍ အရိယသစ္စာစက်လည်ကာ သမ္မာသမ္ဗုဒ္ဓဘုရား ဖြစ်သည်။ ထိုနေ့ သည် မဟာသက္ကရာဇ် ၁၀၃ခုနှစ်၊ ကဆုန်လပြည့်နေ့၏ နေအရုဏ်တက်ချိန်ဖြစ် သည်။ ထို့ကြောင့် ဘုရားဘ၀တွင် အကျင့် သုံးပိုင်းရှိခဲ့သည်-
(၁) ကပိလ၀တ် ထီးနန်းစည်းစိမ်၌ အသက်၂၉နှစ်ထိနေထိုင်သောကာလ တစ်ပိုင်း၊ (ယင်းကို ကာမသုခလိကာနုယောဂ ဟုဆိုရသည်)။
(၂) ရူပဈာန်၊ အရူပဈာန် ၆နှစ်ကြာ ကျင့်ကြံသောကာလ တစ်ပိုင်း၊(ယင်းကို အတ္တ ကိလမထာနုယောဂဟု ဆိုရသည်)။
(၃) ဘုရားဖြစ်၍ တရားဖြင့် ၄၅နှစ်ကြာ နေသောကာလတစ်ပိုင်း ဖြစ်သည်။

ဗုဒ္ဓဘုရားသည် ဘုရားမဖြစ်မီ ထီးနန်း၌နေရာတွင် သမုတိသစ္စာတရား၌ မိမိကိုယ် မိမိမပိုင်မှု၊ လွတ်မြောက်ခြင်းမရှိမှုတို့ကို ငြီးငွေ့ရာမှ ပရမတ္ထသစ္စာကို ပြောင်းလဲ ကျင့်သုံးခဲ့သည်။ တဖန် ပရမတ္ထသစ္စာ၌လည်း မိမိကိုယ်မိမိ မပိုင်မှုကို ထပ်မံသိပြန် ၍၊ စွန့်ရပြန်သည်။ ထို့နောက် စိတ်ဆိုးစိတ်ဆာမရှိအောင် သတိဖြင့် ကျင့်သုံးနေထိုင် ရာမှ အရိယသစ္စာကိုတွေ့မြင်ပြီး၊ မိမိကိုယ်မိမိ ပိုင်စိုးသည့် သမ္မာသမ္ဗုဒ္ဓဘုရား အဖြစ် ရလေသည်။ ထို့ကြောင့် ဗုဒ္ဓဘုရားသည် လောကမှလွတ်မြောက်ရေး တရား အဖြစ် သမ္မာ တစ်လုံးကို သိမြင်သွားခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားကို တရားက မွေးဖွားခြင်းဖြစ်သည်။

တရားဟောခြင်း
သိဒ္ဓတ္ထကုမာရကို သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ်ကို ရောက်စေသော အရိယသစ္စာတရား မှာလူသည် ကောင်းတာလုပ်လျင် ကောင်းသူဖြစ်၍၊ မကောင်းတာ လုပ်ပါက မကောင်းသူဖြစ်သည် ဟူသောအချက်ပင်ဖြစ်သည်။ ဤတရားသည် ရိုးစင်းလှ သည်။ လူတိုင်းသိသည် ဟုထင်ရဖွယ်ရှိသည်။ သို့သော် ဆင်းရဲနှင့်ချမ်းသာဖြစ်မှု များဆိုင်ရာတွင် မရိုးသားသော အမြင်များသည် လူတို့၌ လက်ဦးစွဲရောက်နေသဖြင့် ဤရိုးစင်းသော တရားကိုမမြင်နိုင်ကြခြင်းဖြစ်သည်။ မိမိ၏ ဆင်းရဲနှင့်ချမ်းသာ ကိုတန်းခိုးရှင်က ဖြစ်စေ၊ နက္ခတ်တာရာကဖြစ်စေ၊ ဓာတ်ကဖြစ်စေ၊ နတ်ကဖြစ်စေ၊ လူမဖြစ်မီရှေးကံကဖြစ်စေ၊ ပြုလုပ်သည် ဟု ခံယူကြသည့် အမြင်များဖြစ်သည်။ ဤအမြင်များသည် မရိုးသားသော အမြင်များဖြစ်၍ အမှန်မမြင်ရန်ဖုံးကွယ်ထား သည်။ ဤအမြင်များကို ခံယူထားကြသူတို့သည် ကိုယ်ပြုသမျှကိုယ်ခံရ၊ စံရသည် -ဟူသော ဘုရား၏တရားကို အပြင်းအထန် ငြင်းဆန်ကြသည်။ ထို့ကြောင့် ဘုရား သည် သိနိုင်သူအချို့ကိုသာ ရွေးချယ်ဟောပြောခဲ့သည်။ ဘုရား၏ စားဝတ်နေ ရေးမှာ အစားအတွက် ဆွမ်းခံစားသည်။ ဆွမ်းခံခြင်းဟူသည် ထမင်းတောင်းခြင်း မဟုတ်။ ထမင်းပေးခြင်းကို လက်ခံခြင်းသာဖြစ်သည်။ အ၀တ်အတွက် ပိုင်ရှင်မဲ့အ ၀တ်များကို ရှာဖွေဝတ်သည်။ အနေအတွက် သစ်ပင်၊ တောင်ခေါင်း၊ သူတပါးလှူ သော ဇရပ်၊ ကျောင်းတို့၌နေသည်။ ဘုရားသည် စားဝတ်နေရေးအတွက် သီးခြား အားထုတ်၍ အလုပ်မလုပ်။ တရားဓမ္မ ဟောပြောပြသမှုကို ပြုနိုင်ရန်အတွက်သာ စားဝတ်နေမှုကိုမှီဝဲသည်။ လောကလူသားများကား အလုပ်လုပ်ဖို့ စားခြင်းမဟုတ်၊ စားဖို့အလုပ်လုပ်ခြင်းသာ ဖြစ်သည်။ ဘုရားသည် တရားထိုးထွင်းသိမြင်ပြီး နှစ်လ တရားမဟောဘဲ တရားကိုသာ အဖန်ဖန် ပြန်လည်သုံးသပ်ကာနေသည်။ ဘုရားဖြစ် ၍နှစ်လတိတိအကြာ ၀ါဆိုလပြည့်နေ့၌ မိဂဒါတော(မိဂဒါဝုန်)၌ တရားနာသူငါးဦး အဖွဲ့ကို ပထမဆုံး တရားဟောသည်။ ပဉ္စ၀ဂ္ဂီဟု အသိများကြသည်။ တရားဟော ကြားရာ၌ တရားရှာသူများ ရှောင်ရမည့် တရားအန္တရာယ်နှစ်ပါးနှင့် အရိယသစ္စာ လေးပါး တရားပြချက်၊ တရားစက်လည်ပုံများဖြစ်သည်။ ထိုတရားကို (ဓမ္မစကြာ တရားတော်) ဟု ယနေ့သိကြသည်။ ဓမ္မစကြာတရားတော်သည် ဘုရားရှင် တရားရ ပုံ(ဗုဒ္ဓ၀င်)ကို ပြန်လည်ပြောပြသောတရား ဖြစ်သည်။ ဘုရားရှင်ဟောသောတရားမှာ သိဒ္ဓတ္ထကုမာရကို သမ္မာသမ္ဗုဒ္ဓ စင်စစ်ဖြစ်စေသော (ပဋိစ္စသမုပ္ပါဒ်တရား)ဖြစ်သည်။ ထိုတရားကိုအခြေခံ၍ အရိယသစ္စာလေးပါးတရားကိုဟောခြင်းဖြစ်သည်။

လောကလွတ်မြောက်ငြိမ်းချမ်းရေး တရားဟောစေလွှတ်ခြင်း
ဓမ္မစကြာတရားဒေသနာသည် ဘုရားရှင်၏ ၄၅နှစ်တာကာလအတွင်း ဟောကြား သော တရားအားလုံး၏ အုတ်မြစ်တရားလည်း ဖြစ်သည်။ ပထမနေ့၌ တရားနာ သူငါးဦးအဖွဲ့မှ တစ်ဦးသာ ဘုရားတရားကို နားလည်ခဲ့သည်။ ထိုနေ့မှာပင် ထိုတရား သိသူသည် ဘုရားထံ တပည့်သံဃာအဖြစ်ခွင့်ပန် ၀င်ရောက်ခဲ့သည်။ နောက်တစ် ရက်စီ၌ တစ်ဦးစီ တရားရပြီး သံဃာဝင်များ ဖြစ်ကြသည်။ ဤသို့ဖြင့် ၀ါတွင်းသုံးလ ကာလ တရားဟောခဲ့ရာသီတင်းကျွတ်တွင် သံဃာဦးရေခြောက်ဆယ် ရရှိလာ သည်။ ဘုရားရှင်သည် ဤသံဃာဝင်များကို လူအများအတွက် အကျိုးစီးပွားဖြစ်စေ ရန်(ဗဟုဇန ဟိတာယ)၊ လူအများအတွက် ချမ်းသာသုခရစေရန်(ဗဟုဇန သုခါယ)၊ လောကကြီး ငြိမ်းချမ်းရှင်သန်စေရန်(လောကာနုကမ္ပါယ)- ဟူသော တရားရည်မှန်း ချက်များချပေးပြီး၊ တရားဟောရန်အတွက် တစ်ခရီးလျင် နှစ်ပါးမသွားဘဲ တစ်ပါး ကျစီသွားကြ ဟုမိန့်ကြား စေလွှတ်ခဲ့သည်။

သံဃာ့အဖွဲ့ဝင်များ
ဘုရားရှင်သည် တပည့်အဖွဲ့ဝင် သံဃာကို ဘုရားဖြစ်ပြီး နှစ်လအကြာတွင် စတင်ထူ ထောင်ခဲ့သည်။ ပထမဆုံး သံဃာအဖွဲ့ဝင်မှာ ပဉ္စ၀ဂ္ဂီဟူသော ငါးဦးအဖွဲ့မှ “အရှင် ကောဏ္ဍည”ဖြစ်သည်။ နောက်ဆုံးအဖွဲ့ဝင်မှာပါဝါပြည် မလ္လာမင်းတို့၏ အင်ကြင်း ဥယျာဉ်၌ ဘုရားလွန်ခါနီး သံဃအဖွဲ့ဝင်အဖြစ် ခွင့်ပန်ခဲ့သော “အရှင်သုဘဒ္ဒ”ဖြစ် သည်။ ဘုရားသည် တပည့်အဖွဲ့ဝင် သံဃာကို လက်ခံထားသော်လည်း ပုရိမဗောဓိ ခေါ်သော ပထမနှစ်၂၀တွင် သံဃာဝင်စည်းကမ်းဟူ၍ သတ်မှတ်မထားဘဲ တရား နှင့်သာ နေစေခဲ့သည်။ သံဃာဝင်များကို လပြည့်၊ လကွယ်နေ့တိုင်း ၁၅ရက်တစ် ကြိမ် ဥပုသ်ပြုစေကာ သြ၀ါဒပေး၍ စစ်ဆေးခဲ့သည်။ သြ၀ါဒ-ဟူသည်ကား ခံနိုင်ရည်ရှိခြင်း၊ ခံစားမှုနောက် မလိုက်ခြင်း၊ အခွင့်လွှတ်ခြင်း၊ မကောင်းမှုမပြုခြင်း၊ ကောင်းမှုပြည့်စုံအောင်နေခြင်း၊ စိတ်ဖြူစင်အောင်နေခြင်း၊ ဤသည်တို့ကား ဘုရား တို့၏အဆုံးအမပင်တည်း ဟူ၍ ဖြစ်ပါသည်။ ယင်းကို “သြ၀ါဒပါတိမောက်”ဟု ခေါ်ကြသည်။ ဥပုသ်ပြုခြင်း- ဆိုသည်မှာ-ဘုရားထံ ဆည်းကပ်မှုပြု၍ စစ်ဆေးခံခြင်း ဖြစ်သည်။ စစ်ဆေးခံပုံမှာ ဘုရားပေးသော သြ၀ါဒအတိုင်း မိမိ-ရှိ၊ မရှိနှင့်မရှိလျင် ရှိအောင်နေထိုင်ပါမည်ဟု ဖွင့်ဟ၀န်ခံ၍၊ ၀န်ခံရန် မရှိပါက ဆိတ်ဆိတ်နေခြင်းဖြစ်ပါ သည်။ ဘုရားသည် နှစ်ပေါင်း၂၀ကြာအောင် ဤသြ၀ါဒကို ပေးနေခဲ့သည်။ နှစ်ကာလ ရှည်လာသောအခါ သံဃာလိုက်နာသောတရား ကောင်းမွန်သောကြောင့် လူအများက အားထားကြည်ညိုလာကြသည်။ ထို့ကြောင့်သံဃာသည် ပစ္စည်းလေး ပါး ချမ်းသာလာ၍ ဂုဏ်ပြုချီးမွမ်းမှု များစွာခံရသည်။ ထို့ကြောင့် ချမ်းသာကြွယ်ဝ လိုသော၊ ဂုဏ်ပြုမှု ချီးမွမ်းမှု ခံယူလိုသောအချောင်သမားများ သံဃာ့ဘောင်သို့ဝင် လာကြသည်။ ထိုသူတို့သည် တရားကို မသိကြ၊ သိရန်လည်း အားမထုတ်ကြ။ လာဘ်များ၍ စည်းစိမ်ချမ်းသာရရန်၊ ကျော်စောရန်၊ အချီးမွမ်းအပူဇော်ခံရန်(လာဘ၊ သက္ကာရ၊ သိလောက)ကိုသာ ကြိုးစားလာကြသဖြင့် သံဃာသည် ဂုဏ်ညှိုးလာ သည်။ ထို့ကြောင့် ဘုရားသည် ထိုအကြောင်းကိုသိ၍ သံဃာဝင်အသက်နှစ်(၂၀) အကြာတွင် “သံဃာ့ဝိနည်း”-ဟူသော သံဃာဝင်များ လိုက်နာရမည့်စည်းကမ်းကို စတင်ထုတ်ပြန် ပညတ်ခဲ့သည်။ ထို့ပြင် အမှုမဖြစ်ပေါ်ဘဲ ကြိုတင်၍စည်းကမ်းပြု ခြင်း (၀ါ) ၀ိနည်းပညတ်ခြင်း မပြုခဲ့၊ ပေါ်သောအမှုအလျောက် ၀ိနည်းကို ပညတ်ခဲ့ သည်၊ စည်းကမ်းပြုခဲ့သည်။

ဘုရားမဟောသောတရား
ဘုရားရှင်သည် ဘုရားဖြစ်သည်မှ လွန်သည့်အချိန်ထိ ၄၅နှစ်တာကာလ၌ သံဃာ ၀င်များနှင့် ဆည်းကပ်သူ လူအများကို တရားဟောခဲ့သည်။တရားများ ဟောကြားရာ တွင် ဘုရားသည် လူ၊ လူ့အသက်နှင့် လူမရှိသည့်အရာများကို ပြတ်ပြတ်သားသား ငြင်းဆိုဟောပြောခဲ့သည်။ လူများ(လောက)မြဲသလား၊ မမြဲသလား၊ လူများ (လော က) အဆုံးရှိသလား၊ မရှိသလား ပြဿနာ၊ သေပြီးနောက် ဖြစ်သလား၊ မဖြစ်သ လား၊ တစ်ချို့ဖြစ်၍ တစ်ချို့မဖြစ်သလား၊ ဖြစ်လည်းမဟုတ်၊ မဖြစ်လည်းမဟုတ်သ လား ပြဿနာ၊ လူနှင့်အသက် တူသလား၊ မတူသလား ပြဿနာ၊ ဤပြဿနာ (၁၀)ချက် ဖြစ်သည်။ ဤပြဿနာ(၁၀)ချက်သည် လူ့ငြိမ်းချမ်းမှု အရိယသစ္စာတရား နှင့်မဆိုင်ဘဲ၊ အမြင်မှောက်မှား စိတ္တဇပွားစေသည့် ပြဿနာများ ဖြစ်စေသည့် တရားများသာ ဖြစ်သည်ဟု ဘုရားရှင်ရှင်းပြခဲ့သည်။ ထို့ကြောင့် ဘုရားဟောသော တရားများသည် လူ၏အရည်အသွေးခြင်းရာကို ဖော်ပြနေသော၊ လူ၏ဂုဏ်ရည်များ ဖြစ်သော လူ၏ ပြုမူလှုပ်ရှားမှုကံများ၏ဖြစ်ရာ၊ ဖြစ်ကြောင်းနှင့် ငြိမ်းရာ၊ ငြိမ်းကြောင်း ဟူသော အချက်လေးချက်သာ ဖြစ်သည်။ ယင်းကို “အရိယသစ္စာလေးပါး” ဟု သိကြသည်။ ထို့ကြောင့် ဘုရာ့တပည့်သာဝကများက အရိယသစ္စာလေးပါးမှ လွတ် သော ဘုရားတရားဟူသည် မရှိ(စတုသစ္စ ၀ိနိမုတ္တောဓမ္မောနာမ နတ္ထိ) ဟုမှတ်တမ်း ပြုခဲ့ကြခြင်းဖြစ်သည်။ ဘုရာရှင်သည် သက်တော်ရှစ်ဆယ်၌ ၀မ်းလျောရောဂါဖြင့် ပရိနိဗ္ဗာန်ပြုတော်မူသည်။ ပါဝါပြည် မလ္လာမင်းတို့ အင်ကြင်းဥယျာဉ်ရှိ ညောင်စောင်း ၌လဲလျောင်းရင်း ဘုရားရှင်သည် ပရိနိဗ္ဗာန် မပြုမူမီ နောက်ဆုံးနာရီအနီးတိုင် နောက်ဆုံးသာဝကဖြစ်သော သုဘဒ္ဒပရိဗိုဇ်ကို တရားဟောတော်မူသည်ထိ လုံ့လ၊ ၀ီရိယကြီးမားစွာဖြင့် တရားကိုအလေးထားတော်မူခဲ့သည်။ သုဘဒ္ဒပရိဗိုဇ်ကို တရား ဟောရာတွင်- “ငါဘုရား၏ အဆုံးအမသာသနာ၌သာ မဂ္ဂင်ရှစ်ပါးအကျင့်မြတ်တရား ရှိသည်၊ ထိုအကျင့်မြတ်ကို လိုက်နာကျင့်ကြံနေသမျှ ကာလပတ်လုံးလူ လောက တွင် ရဟန္တာမဆိတ်သုဉ်းကြောင်း” ဟောခဲ့သည်။

ဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူခြင်း
သုဘဒ္ဒပရိဗိုဇ်ကို တရားဟောအပြီး ဘုရားရှင်သည်ညောင်စောင်းထက်၌ လျောင်း လျက်ပင် တပည့်သံဃာဝင်များအား မိမိအပေါ်၌ အပြစ်မြင်လျင် ပြောကြ ရန်၊ တရား၌ ယုံမှားရှိလျင် မေးကြရန် အခွင့်ပေးရာ တပည့်သံဃာဝင်တစ်ဦး တစ်ယောက်ကမျှ ဘုရားအပေါ် အပြစ်စိုးစဉ်းမျှ မမြင်ကြကြောင်း၊ တရား၌ ယုံမှား သင်္ကာ မရှိကြကြောင်း ပြန်လျှောက်ကြသည်။ ထို့နောက် ဘုရားသည် မှတ်သား ဖွယ် စကားလေးခွန်းပြောခဲ့သည်။

(၁) ဘုရားကို ဆွမ်း၊ သင်္ကန်း၊ ပန်း၊ ဆီမီး၊ ရေချမ်း အစရှိသော အာမိသပူဇာဖြင့် ပူဇော်သက္ကာရ ပြုခြင်းထက် တရားကို မြတ်နိုးမှုကသာလွန်ကောင်းမွန်ကြောင်း၊
(၂) ပြောဆိုဆုံးမ၍ မရသူအား ကောင်းမကောင်း လမ်းညွှန်ဆုံးမမှု မပြုတော့ဘဲ လျစ်လျူရှုထားခြင်း ဗြဟ္မဒဏ် ထားရန်၊
(၃) ဘုရားအစား တရားနှင့်ဝိနည်းကို ဆရာအဖြစ် ကိုးကွယ်ရန်၊
(၄) ၀ိနည်းအငယ်များကို ပြင်ဆင်ခွင့်အာဏာကို သံဃာ့ထံ ပေးအပ်ကြောင်း တို့ ဖြစ်သည်။ (မှတ်သားသင့်ပါသည်)။

ဘုရားလွန်ပြီးနောက် ရုပ်ကြွင်းကို ရက်အနည်းငယ်ထားပြီး၊ မီးသင်္ဂြိုဟ်သည်။ မီးသင်္ဂြိုဟ်သောအခါ မီးရှိန်ပြင်းခိုက် အားလုံးပြာမကျမီရေဖြင့်ငြှိမ်းသောကြောင့် အရိုးဓာတ်အချို့ ပကတိအတိုင်းကြွင်း၍၊ အများအားဖြင့် အလုံးအခဲများအဖြစ်ကြွင်း သည်။ ဤဓာတ်ကြွင်းများကို ပါဠိလို “အ၀သေသရီရ”၊ မြန်မာလို ကိုယ်ကြွင်းများဟု ခေါ်သည်။ ယနေ့ ဓာတ်တော်များဟု ခေါ်ကြသည်။ ဓာတ်တော်ဟူသည်မှာ ဘုရား၏ဓာတ်လေးပါးဖြစ်၍ ခေါ်ခြင်းဖြစ်သည်။ ထိုကိုယ်ကြွင်း ဓာတ်တော်များသည် ယနေ့ဗုဒ္ဓဘာသာဝင်များ၏ ကိုးကွယ်ပူဇော်စရာများအဖြစ် တည်ရှိနေသည်။ ဓာတ်တော်များနှင့်အခြားသော ဘုရားအသုံးအဆောင် ပစ္စည်းအကြွင်းအကျန်များ ကို စေတီ၊ ပုထိုးအဖြစ် ဘုရားအထိမ်းအမှတ်များ စိုက်ထူကိုးကွယ်ကြသည်။ ဘုရား ရုပ်ထုများကိုလည်း ထုလုပ်ကိုးကွယ်ကြသည်။ ဗုဒ္ဓဘာသာဝင်များသည် ဘုရား အထိမ်းအမှတ်နှင့် ရုပ်တုများ၊ ဓာတ်တော်များ အနီးအပါးသို့ရောက်လျင် ဦးညွှတ် ရိုသေဂါရ၀ပြု (ရှိခိုး) ကြရသည်။ ထိုသို့ ရှိခိုးပူဇော်ရာတွင် ဘုရားရှင် သက်ရှိထင် ရှားရှိသကဲ့သို့အာရုံပြု၍ ပူဇော်ကြရပါမည်။ ဘုရာရှင်အား ရှိခိုးပူဇော်ခြင်းထက် ဘုရားရှင်ဟောကြားခဲ့သော တရားများအတိုင်း ကျင့်ကြံနေထိုင်သွားရန်မှာ ပို၍ပင် အရေးကြီးပါသည်။ တရားသိလာလျှင် ဘုရားကို ပို၍ပင်ယုံကြည်မှု၊ ဘုရားရှင်၏ ဂုဏ်ကျေးဇူးတော်များကို ပို၍သိတက်လာမှု များဖြစ်လာပါလိမ့်မည်။ ထို့ကြောင့်စာ ဖတ်သူများသည်လည်း မိမိတို့သိနေကြတော့ တရားတော်များအတိုင်း သတိရှိကာ ကြိုးစားကျင့်ကြံအားထုတ်ကြပါ ရန်အရေးကြီးပါသည်။

စိရံတိဋ္ဌတု သဒ္ဓမ္မော
သဒ္ဓမ္မော- မွေးသေလွတ်သောသူတော်ကောင်းတရားသည်၊
စိရံ- ကြာမြင့်စွာသော ကာလပတ်လုံး၊
တိဋ္ဌတု- တည်ပါစေသတည်း။
ကျွန်တော် ချစ်သော ရှဉ့်ကလေး




အဲဒီနေ့က ကျွန်တော် စိတ်ဓါတ်ကျနေတယ်။ ဒါကြောင့်
စိတ်ရှုပ်ရှုပ်နဲ့ စိတ်လက်ပေါ့ပါး လွတ်လပ်ချင်တာနဲ့ ပန်းခြံလေး တစ်ခြံက
ခုံတန်းယားလေးပေါ်မှာ ခြေပစ် ၊ လက်ပစ် ထိုင်နေမိတယ်။

ကျွန်တော့်အတွေးတွေက အတိတ်က ဖြစ်ရပ်တွေဆီက မခွာနိုင်။
ဘာလို့များလဲ။ ငါ ဘယ်နေရာတွေ မှာ ကြိုးစားဖို့ လိုနေတာလဲ။ ဘယ်အရာကများ
ငါ့ကို ကံမကောင်းအောင် လုပ်စေချင်နေတာလဲ။ ငါ့လောက် ရည်မှန်းချက်ကြီးပြီး
အမြင့်ဆုံးရောက်အောင် ကြိုးစားချင်တဲ့ သူ တစ်ယောက်မှ မရှိဘူး။ ဒါတောင်မှ
ငါ လိုချင်တာတွေကို ဘာလို့ လှမ်းလို့ မမှီနိုင်တာလဲ။ ဘာလို့
ငါလိုချင်တာတွေမှ အလှမ်းဝေးပြီး ငါ ကျရှုံးနေရတာလဲ။

ဒီလိုတွေ တွေးပြီး ကျွန်တော့်မှာ ချာချာလည်နေတယ်။
ကျွန်တော့်မှာ ချစ်သူတစ်ယောက်ရှိတယ်။ သူနဲ့ လက်မထပ်ရသေး ။ သူနဲ့ ချစ်သူ
ဖြစ်ခဲ့တာ ၄ နှစ်ကျော်ပြီ . .၊ ကျွန်တော် လုပ်ငန်း မအောင်မြင်သောကြောင့်
ချစ်သူကို လက်မထပ်နိုင်သေး။ သူကလည်း ချစ်သူချင်းတော့
အတူတူနေချင်ရှာမှာပေါ့။ သို့သော် ကျွန်တော်အလုပ် အဆင်ပြေဘူး ၊
မျှော်မှန်းသလောက် အဆင်မပြေဘူး။ အမြဲငြီးနေတတ်တာကြောင့် သူလည်း
မပြောသာဘူးထင်တယ်။ ဒီအတွက်လည်း ချစ်သူကို ကျွန်တော် တကယ် အားနာမိတယ်။

အခုတော့ ကျွန်တော် ကြိုးစား အားထုတ်ပြီး အမြင့်ဆုံး
၊ အကောင်းဆုံး ဖြစ်အောင် ကြိုးစားထားတာတွေ ဘာမှ ဖြစ်မလာခဲ့ ၊ တချို့တလေသာ
သာမာန်အနေနဲ့ ဖြစ်လာခဲ့တယ်။ ဒါကို ကျွန်တော် စိတ်ထဲ သိပ်ပြီး သဘောမတွေ့
၊ ဒါတွေ ကျွန်တော်စဉ်းစားပြီး ကျွန်တော့်ခေါင်း ပိုပြီး
နောက်ကျိလာခဲ့တယ်။ စိတ်ရှုပ်ထွေးပြီး နောက်နေတဲ့ ဦးခေါင်းကို အပေါ်သို့
ကျွန်တော်မော့လိုက်တော့ ကျွန်တော့် အမြင်တွေက ဦးခေါင်းထပ်က
အုန်းပင်တွေဆီကို ရောက်သွားတယ်။ သြော် . .ကျွန်တော် ထိုင်နေတာက
အုန်းပင်တန်းပါလား။ အုန်းပင်တွေ နေရာတကျ တန်းစီပြီး စိုက်ထားတဲ့
ပန်းခြံလေးထဲ ရောက်နေခဲ့တာ။

ဒီလို ကျွန်တော် ဦးခေါင်းမော့ကြည့်နေချိန်မှာ
ကျွန်တော့်အထက်က အုန်းပင်ပေါ်မှာ ရှဉ့်လေးတွေက ပြေးလွှားနေတယ်။
ကျွန်တော်ကြည့်လိုက်တော့ ရှဉ့်လေး သုံးကောင် အုန်းပင် တစ်ပင်ကနေ
တစ်ပင်ကို ခုန်ကူးနေကြတယ်။ သူတို့ ခန္ဓာကိုယ်နဲ့ အုန်းပင် တစ်ပင် နဲ့
တစ်ပင် အကွာအဝေးကို ခုန်ကူးဖို့ ဆိုတာ ဘယ်လိုမှ လွယ်တာ မဟုတ်။ သူတို့
လက်ရှိရောက်နေတဲ့ အုန်းပင်ရဲ့ အမြင့်ဆုံး အလက်ဆီကို တတ်သွားတယ်။ ဒီကနေမှ
အုန်းပင် နောက်တစ်ပင်ရှိရာ အလက်ဆီကို သူတို့ လှမ်းပြီး ခုန်လိုက်ကြတယ်။

သူတို့ ခုန်ကြတာကို အောက်ကနေ ကျွန်တော် အံ့သြတကြီးနဲ့
ကြည့်နေမိတယ်။ သူတို့ လိုချင်ရာ အုန်းလက်ဆီကို လှမ်းခုန်လိုက်တာပါပဲ။
ဒါပေမဲ့ သူတို့ လိုတဲ့ အုန်းလက်ကို မရောက်ပဲ အောက်ဘက်နားဆီမှာ ရှိနေတဲ့
အုန်းလက်ဆီကိုသာ သူတို့ ခန္ဓာကိုယ်က ကျသွားခဲ့တယ်။ ဒါပေမဲ့လည်း သူတို့
ကျရောက်လာတဲ့ အုန်းလက်ကို တွဲခိုပြီး ဒီကနေမှ တဆင့် သူတို့ ပထမ
မျှော်မှန်းရာ အုန်းလက်ဆီကို သွက်သွက်လက်လက်ပဲ တတ်သွားတယ်။ သူတို့မှာ
ဘာမှ ပင်ပန်းတယ် လို့ မထင်မိ။ ကျွန်တော် ဒါကို ကြည့်ပြီး အတွေးလေး
တစ်ချက်ရပြီး ပြုံးပြီး ဘေးဘီကို ကြည့်လိုက်တော့ ကျွန်တော့်ဘေးခုံပေါ်မှာ
ကျွန်တော့်လိုပဲ ဦးလေး အရွယ် လူတစ်ယောက် ရှဉ့်လေးတွေကို မော့ကြည့်နေတယ်။

သူကလည်း ခေါင်းကို ကျွန်တော့်ဆီကို လှည့်ရင်း. . .

“ ကိုယ် အခုလို ဒီရှဉ့်ကလေးတွေကို လာထိုင်ပြီး ကြည့်နေမိတာ.
နှစ်ပေါင်း ၁၀ နှစ်လောက်ပြီကွ။ ဒါပေမဲ့လည်း ဒီအတောအတွင်းမှာ အရင်က
ရှဉ့်တွေ အသက်ကြီးလို့ နောက်ထပ် ရှဉ့်လေးတွေသာ ပြောင်းသွားလိမ့်မယ်။
သူတို့ ဒီလို ခုန်နေတာကတော့ မပြောင်းလဲ သွားဘူး။

သူတို့ ရောက်ရာ နေရာမှာ အမြင့်ဆုံးထိ ကြိုးစားတယ်။ ပြီးတော့
ကိုယ်လိုချင်တဲ့ နေရာကို ရောက်ဖို့ အားကုန်ခုန်ကြတယ်။ ဒါပေမဲ့လည်း သူတို့
လိုချင်တဲ့ နေရာရောက်အောင် သူတို့ ခန္ဓာကိုယ်က မစွမ်းနိုင်တော့ သူတို့
ဘာဖြစ်လဲ ၊ ရောက်တဲ့ နေရာကို အမိအရ ဖမ်းကိုင်ပြီး လိုချင်တဲ့ ပထမနေရာ
ရောက်အောင် တွယ်တတ်သွားကြတယ်။ ပြီးတော့ သူတို့ ဒီနေရာမှာ တင်ရပ်မနေဘူး။
သူတို့ လက်ရှိနေရာကနေ အမြင့်ဆုံးကို ထပ်တတ်ကြတယ်။ နောက်ထပ် တစ်နေရာကို
ထပ်ခုန်ကြတယ်။

ဒီမှာလည်း သူတို့လိုရာ နေရာ မရောက်ရင်လည်း ရောက်ရာကို
ဆွဲကိုင်ပြီး ထပ်တတ်သွားကြတယ်။ ဒါပေမဲ့ ထူးခြားတာ တစ်ခု ရှိတယ်ကွ။ ဒီလို
သူတို့ အားကုန် ခုန်လိုက်လို့ လိုရာကို မရောက်ပဲ အောက်ကို
ဘယ်အကိုင်းကိုမှ မဆွဲမိပဲ ပြုတ်ကျလာတယ် လို့ မရှိခဲ့ဘူး။ သူတို့ ဒဏ်ရာ
အနာတရ ရသွားတယ်လို့ တစ်ခါမှ မတွေ့ဖူးဘူး။ သူတို့ လိုရာ မရောက်ပေမဲ့
တစ်ကိုင်းကိုင်း ၊ တစ်လက်လက်မှာ တွယ်မိသွားပြီး အထက်ကို တတ်သွားတာပါပဲ။ ”

ဒီဦးလေးကြီးက ဒီလို ပြောပြတယ်။ ကျွန်တော်က ဒီနေ့မှ
ဒီရှဉ့်လေးတွေကို မြင်မိတာ။ သူက ဒီလို လာကြည့်နေတာ ၁၀ နှစ်တောင်မှ
ရှိတော့မယ် ဆိုပဲ။ ကျွန်တော် ခုနက ကျွန်တော့်ရည်ရွယ်ချက် ၊
မျှော်လင့်ချက်များ လိုသလောက်ဖြစ်မလာခဲ့တာ နဲ့ ပတ်သတ်ပြီး ကျနေတဲ့
ကျွန်တော် စိတ်တွေ တစ်ခုခု ကို မြင်လိုက်ရသလို လန်းဆန်း တတ်ကြွလာတယ်။
ဒါနဲ့ ကျွန်တော် ချက်ချင်း ဆုံးဖြတ်ချက်တွေ ချခဲ့တယ်။

၎ နှစ်ကျော် ချစ်ခဲ့တဲ့ ကျွန်တော့်ချစ်သူကို ချက်ချင်း
လက်ထပ်တယ်။ အရင်က ခရီးထွက်ဖို့ ပြင်ထားတာတွေကိုလည်း မဖြစ်ဖြစ်အောင်
လုပ်ပြီး ခရီးထွက်တယ်။ ကျွန်တော်ရေးမယ်လို့ လုပ်ထားတဲ့ စာတွေကိုလည်း
လက်ရှိ အခြေအနေအတိုင်းမှာ အကောင်းဆုံးဖြစ်အောင် ကျွန်တော် ရေးဖြစ်ခဲ့သည်။
အရင်က အင်တင်တင်ဖြစ်နေသော ထုတ်ဝေသူများကိုလည်း
ရဲရဲတင်းတင်းပေးထားလိုက်သည်။

ဒီနောက် ကျွန်တော် ခရီးရှည်ကြီးထွက်သည်။ ဒီမှာ
ကျွန်တော့်အတွက် စာရေးစရာ ကုန်ကြမ်းများစွာ ပါလာသည်။ ထိုကုန်ကြမ်းတွေနဲ့
အတူ ကျွန်တော် ခရီးက ပြန်ရောက်တော့ ကျွန်တော် စာအုပ်တွေကို ထုတ်ဝေပြီး၍
ပေါက်နေလေပြီ။ နောက်ထပ် စာအုပ်ထုတ်ဖို့ ထုတ်ဝေသူက ကျွန်တော်ကို
စောင့်နေခဲ့တယ်။ ဒီနောက်မှာတော့ ကျွန်တော့်မှာ အောင်မြင်မှုတွေ
ဆက်တိုက်ရလာခဲ့တယ်။ လူတွေကြားထဲမှာ ခေါင်းမော့ရင်ဆိုင်နိုင်သော စာရေးဆရာ
ဆိုသော အခြေအနေ တစ်ရပ်ကို ရောက်ရှိလာခဲ့တယ်။

ဒါနဲ့ တစ်နေ့ ကျွန်တော့်ခရီးတစ်ခုက ပြန်လာပြီး
ဧည့်ခံပွဲ တစ်ခု တတ်တော့ ထုတ်ဝေသူတစ်ယောက်က ကျွန်တော့်ကို စာပေဟောပြောပွဲ
တစ်ခုကို တတ်ပြီး ဟောပြောပေးဖို့ ကမ်းလှမ်းသည်။ ကျွန်တော်က. . .

“ ကျွန်တော့် အခု အခြေအနေ ဘယ်လောက် ဆိုးနေတယ် လို့ ပြောပြော. .
ဒီစာပေ တတ်ဟောဖို့ လောက်တော့ အခြေအနေဆိုးတွေ ဖြစ်လာမှာ မဟုတ်ဘူး။
ဘာလို့လည်း ဆိုတော့ ကျွန်တော်က တစ်ခါမှ စာပေ ဟောပြောပွဲမှာ ဟောခဲ့ဖူးတာ
မဟုတ်ဘူး။ ”

ဒီလို ပြောပြီး ကျွန်တော် ငြင်းပယ်လိုက်တော့
ကျွန်တော့်ဘေးနားမှာ ရှိနေတဲ့ ကျွန်တော့်ဇနီးက ကျွန်တော့်ကို
နားနားကပ်ပြီး တစ်ခု ပြောတယ်။

“ တစ်ခါက ရှဉ့်လေး တစ်ကောင်ရှိတယ်။ သူက အုန်းပင်ကြီး တစ်ပင်ကနေ
နောက်တစ်ပင်ကို ကူးဖို့ အမြင့်ဆုံးကို တတ်ပြီး ခုန်လိုက်တယ်။
ဒါပေမဲ့....”

သူပြောလိုတာက ကျွန်တော် နားလည်သွားပြီ ၊ ကျွန်တော့်ကို
မလုပ်ဖူးဘူးဆိုပြီး မလုပ်ပဲ မနေအောင် ၊ မလုပ်ဖူးပေမဲ့ စမ်းပြီး
လုပ်ကြည့်ဖို့ ၊ တစ်နည်းပြောရရင် ခုန်ဖို့ ။ ကျွန်တော် ချက်ချင်း
ဆုံးဖြတ်ချက် ချလိုက်တယ်။ နောက်လှည့်ထွက်သွားတဲ့ ထုတ်ဝေသူကို
လှမ်းခေါ်ပြီး “ ဒီပွဲမှာ ကျွန်တော် ဟောပါ့မယ် ။ ” လို့ ပြောလိုက်တယ်။

တကယ် ဟောရတဲ့နေ့မှာတော့ ကျွန်တော် ထင်ခဲ့သလို
အခက်အခဲတွေ အများကြီး ဖြစ်မလာခဲ့ပါ။ အဆင်ပြေပြေနဲ့ ပြီးသွားခဲ့တယ်။
ပြီးတော့ ဒီထက် ထူးခြားတာက ကျွန်တော့်ရင်ထဲမှာ ဒီဟောပြောပွဲ အတွက်
ပျော်နေခဲ့တာပဲ။ ဒါနဲ့ ကျွန်တော် ဟောပွဲပြော ၅ ခု ၊ ၆ ခု လောက် ဆက်တိုက်
ပြောဟော ဖြစ်ခဲ့သည်။ ကျွန်တော် အကိုင်းလွတ်ပြီး ပြုတ်ကျတယ် လို့ မဖြစ်မိ
၊ တစ်ခုခုကို ဆွဲကိုင်ပြောမိရင်း ကျွန်တော် ပျော်နေမိတယ်။ ဒါနဲ့ပဲ
နောက်ပိုင်းမှာ ကျွန်တော် စာပေရေးသားခြင်းရေ ၊ စာပေ ဟောပြောပွဲတွေပါ
လိုက်ပြီး ဟောပြောခဲ့ရတယ်။

ဒီလိုပါပဲ။ နောက်ထပ် ဘာကိစ္စပဲ လုပ်ရ လုပ်ရ ၊
ကျွန်တော့်စိတ်ထဲမှာ တစ်ခုခုကို စိုးရိမ်နေပြီ။ အခက်အခဲတော့
ဖြစ်တော့မှာပဲ လို့ထင်နေပြီ။ လိုသလောက် ၊ ထင်သလောက်လည်း ဖြစ်မလာပါလားလို့
တွေးနေမိပြီ ဆိုရင် ကျွန်တော့်ကို သင်ခန်းစာတွေ ပေးခဲ့တဲ့ ရှဉ့်ကလေးကို
သွားပြေးပြီး မြင်မိပါတယ်။ ဒါဆိုရင် အလုပ်သစ် တစ်ခုခုကို ကျွန်တော်
ရင်ဆိုင် ကြိုးစားဖို့ စိတ်ဓါတ် တွေ လိုလို အင်အား ပြည့်ဝလာခဲ့ပါတယ်။

“ တကယ်တော့လည်း လောကကြီးက ရောက်ရာနေရာမှာ အမြင့်ဆုံး
ရောက်အောင် ကြိုးစား ၊ ပြီးရင် ဒီထက် ကောင်းတဲ့အခြေအနေတစ်ရပ်ကို
ရဲရဲဝံ့ဝံ့ ခုန်ကူး ကြိုးစားရမှာပါပဲ။ တကယ်လို့ ကိုယ်လိုချင်တဲ့ နေရာကို
မရောက်ခဲ့ဘူးဆိုလည်း ပြဿနာတော့ မရှိပါ။ ရောက်ရာနေရာ တစ်ခုခုကို အမိအရ
ဖမ်းဆွဲရင်း ဒီအခြေအနေကနေ ထပ်ပြီး အမြင့်ကို ရောက်အောင်
ကြိုးစားသွားနိုင်ပါတယ်။

ကိုယ်မျှော်လင့်ထားသော နေရာ မရောက်လို့ ဘာမှ စိတ်သောက
ရောက်စရာတော့ မရှိပါ။ ဒီနေရာကို ရောက်အောင် ဆက်ပြီး တိုးတတ်ကြိုးစားခွင့်
ကျွန်တော်တို့မှာ ရှိနေတယ်လေ။ ”


မှတ်ချက်။ ။ Chicken Soup For The Soul ထဲမှာလား ၊
တစ်နေရာရာမှာလား ဖတ်ဖူးတယ်ဗျာ။ အခုကတော့ ဟော်လန်စာရေးဆရာ Roger Corman
ရေးထားတဲ့ စာလေးပါ။ ဆောင်းပါး ပေါင်းချုပ် စာအုပ်ထဲက ခေါင်းစဉ်က “ Lovely
Squirrel ” ပါ။
၁. ကံ့ကော်ပန်း = မပြောင်းလဲတဲ့ ထာဝရအချစ်

၂. ကြာပန်း = မိတ်ဆွေတွေရဲ့ဖြူစင်မှုမျိုးနဲ့ခင်မင်ကြရအောင်
၃. ခတ္တာပန်း = အားငယ်သူမို့ညှာတာပါ
၎. ချယ်ရီပန်း = တစ်နေ့နေ့တော့ ဝေးရဦးမယ်
၅. ခေါင်းလောင်းပန်း = အမြန်ဆုံးနီးစပ်ခွင့်ရချင်တယ်
၆. ဂန္ဓမာဖြူ = ငြိမ်းချမ်းပါစေ
၇. ဂန္ဓမာဝါ = သတိရနေမယ်
၈. ခရေပန်း = Don’t forget me
၉. ဂမုန်းပန်း = မျှော်လင့်ခြင်းများစွာနဲ့ စောင့်နေရသူပါ
၁၀. စံပယ်ပန်း = မင်းရဲ့အချစ်ကို လက်ခံလိုက်တယ်
၁၁. ဆပ်သွားဖူးပန်း = သစ္စာမရှိတဲ့သူအတွက် ၀မ်းနည်းတယ်
၁၂. ဆောင်တော်ကူးပန်း = မင်းကြောင့်ကိုယ့်မှာရူးပြီ
၁၃. ဆယ့်နှစ်ရာသီပန်း = ရိုးသားဖြူစင်ခြင်း
၁၄. ညမွှေးပန်း = အရာရာဟာ မင်းအတွက်ဖြစ်စေရမယ်
၁၅. ဒေလီယာပန်း = မကြာခင်မှာဆုံတွေ့ကြရအောင်
၁၆. ဒန်းပန်း = ဘ၀ကိုအရှုံးမပေးပါနဲ့
၁၇. ဒေါနပန်း = တို့တစ်တွေခွဲခွာကြစို့
၁၈. နှင်းပန်း = အဆင်မပြေမှုတွေဟာ တစ်ခဏပါ
၁၉. နှင်းဆီပန်း = မင်းကို ငါချစ်တယ်
၂၀. နေကြာပန်း = မင်းရဲ့ဘ၀ရှေ့ရေးအဆင်ပြေဖို့ကိုယ်တာဝန်ယူပါတယ်
၂၁. ပိတောက်ပန်း = မင်းဟာကိုယ့်အတွက် ရှားပါးတဲ့ဆုလာဘ်ပါ
၂၂. ပျားခတ်ပန်း = မင်းဟာ ဒီပန်းလေးလို လှသူတစ်ယောက်ပါ
၂၃. ဖယောင်းပန်း = အထီးကျန်ဖြစ်ခြင်း၊ကြေကွဲအားငယ်ခြင်း
၂၄. မြတ်လေးပန်း = ဇွဲသတ်တိရှိခြင်း
၂၅. မိုးမခပန်း = လွမ်းဆွေးကြေကွဲရခြင်း
၂၆. သဇင်ပန်း = ကျေးဇူးပြုပြီး မမုန်းလိုက်ပါနဲ့
၂၇. သစ်ခွပန်း = ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံခြင်း
၂၈. သော်ကပန်း = ကိုယ့်ကိုခွင့်လွှတ်ပါ
၂၉. သံလွင်ပန်း = အောင်မြင်ခြင်း ဂုဏ်ပြုခြင်း
၃၀. ရွက်လှပန်း = နှုတ်ဆက်လိုက်ပါတယ်
၃၁. ၀ိုင်အိုလက်ပန်း = မျှော်လင့်သလိုဖြစ်လာပါစေ
၃၂. အုန်းပန်း = ကံကောင်းခြင်း
“သား..အွန်လမ်း ဆိုတာ သိလား..”
“ခင်ဗျာ။ အွန်လမ်း..?။ သား မသိဘူး..အမေ၊ အဲဒါ ဘာကြီးတုန်း။”

ကျွန်တော် နိုင်ငံခြားတွင် အလုပ်လုပ်ပါသည်။ တစ်နှစ်လျှင် ခွင့်တစ်လရသည်။
ထိုသို့ခွင့်ရသော် ဇာတိမြို့သို့ ပြန်သည်။ မြို့ ဟု အမည်တွင်သော်လည်း
ရွာကြီးသာသာ။ ကွန်ပျူတာမရှိ၊ အင်တာနက် မရှိ၊ တယ်လီဖုန်း အနည်းအကျဉ်း။
လူစည်ကားသော နေရာဟူ၍ ကမ်းနားနှင့် ဈေးကြီးတစ်ဈေးသာ ရှိသည်။ မြို့မဈေး။
မြို့မဈေးထဲတွင် အမေ့ အထည်ဆိုင်ရှိသည်။ အဖေက ၀န်ထမ်း။

အလုပ်မှ ခွင့်ရ၍ အိမ်သို့ တစ်လ ခွင့်ပြန်စဉ်၊ အမေက ထိုသို့ မေးခဲ့သည်။

“အမလေး..တော်ပါသေးရဲ့။ သား .. မသိလို့။
ဈေးထဲက ဒေါ်ရှုရင်ရွှေဆိုင်ကို သိတယ် မို့လား။ သူ့သားလေးလေ..နိုင်ငံခြားမှာ
ကျောင်းတက်ပါရော။ အင်ဂျင်နီယာလေးလေ။ အဲဒါ ပြန်လာတော့ မိန်းမယူတယ်။ သူ့
မိန်းမကလေးက ချောလိုက်တာမှ မွတ်နေတာပဲ။ ဈေးထဲမှာ စပ်စုကြည့်တော့
သူတို့နှစ်ယောက်က အွန်လမ်းမှာ တွေ့ခဲ့တာတဲ့လေ။
နောက်ပြီး.. ဟိုဘက်လမ်းထိပ် အပေါင်ဆိုင်အိမ်က ကောင်မလေးလဲ အဲဒီလိုပဲ။
ကျောင်းသွားတက်ပြီး ကျောင်းပြီးလို့ အလုပ်ရပြီး သိပ်မကြာဘူး၊ မင်္ဂလာ
ဆောင်တယ်။ သတို့သားက တို့မြို့ကလည်း မဟုတ်ပါလား .. ဆိုတော့.. သူလဲ
အွန်လမ်းကနေ တွေ့ခဲ့တာတဲ့။.. နိုင်ငံခြားမှာ အွန်လမ်း ဆိုတာ ရှိတယ်ဆို..။
သား အဖေကတော့ ပြောပါတယ်.. အဲဒီ အွန်လမ်းကို ကွန်ပျူတာထဲကနေ သွားမှ
ရောက်တာတဲ့။
အမေလဲ သိပ်နားမလည်ပါဘူး.. သားရယ်။ ဘာပဲဖြစ်ဖြစ်.. သား.. အွန်လမ်းဘက်ကို
မသွားနဲ့နော်..။ သားလည်း အရွယ်ရောက်ပြီပဲ။ ဒါပေမယ့် အမေ့စိတ်ထဲ ငါ့သား
ငယ်သေးသလားလို့ပါ..။”

အမေ ထိုသို့ပြောစဉ်၊ ကျွန်တော့် စိတ်ကူးထဲတွင်မူ အပြင်တွင် လူချင်း
တစ်ခါမျှ မတွေ့ဖူးသေးသော၊ စကားပြောဖော်ပြောဖက် ရင်ဖွင့်ဖော်ဖွင့်ဖက်
မိတ်ဆွေ ကောင်မလေးအား သတိရလျှက်။ ။
တစ်နေ့မှာ "ပလေတို" က ဆရာဖြစ်သူ "ဆိုကရေတီး" ကို အချစ်ဆိုတာ ဘာလဲလို့ မေးသတဲ့။
ဆိုကရေတီးက ပလေတိုကို ဂျုံခင်းထဲ နောက်ပြန်မလှည့်တမ်း တစ်ခေါက်သွားစေပြီး
သွားရာလမ်းတစ်လျှောက်မှာ အကောင်းဆုံး၊ အကြီးဆုံး ဂျုံနှံတစ်ခုကို
ခူးစေခဲ့တယ်။

ဆရာခိုင်းတာ အရမ်းလွယ်တယ်ထင်တဲ့ ပလေတိုက ကိုယ့်ကိုယ် ယုံကြည်မှုအပြည့်နဲ့
ဂျုံခင်းထဲဝင်ခဲ့တယ်။ နေ့တစ်ဝက်ကုန်တဲ့အထိ သူဟာ
ဂျုံခင်းထဲမှာပဲ ရှိနေခဲ့ပြီး နောက်ဆုံးမှာ လက်ဗလာနဲ့ ခေါင်းငိုက်စိုက်
ပြန်လာခဲ့ရတယ်။ ဆိုကရေတီးရှေ့ရောက်တော့ "အကောင်းဆုံးလို့ ထင်တဲ့
ဂျုံနှံကို ကျွန်တော် တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ တစ်နှံပဲခူးရမယ်ဆိုတော့
အကောင်းဆုံးမှ ဟုတ်ပါ့မလားလို့ ထင်ပြီး မခူးခဲ့ဘဲ ဒီထက်ကောင်းတဲ့
အနှံရှိဦးမယ်ဆိုတဲ့ အတွေးနဲ့ ယာခင်းအဆုံးထိ ကျွန်တော်ရောက်ခဲ့မှ လက်ထဲမှာ
ဘာမှမပါခဲ့မှန်း သတိထားမိတော့တယ်" လို့ ပြောတော့ ဆိုကရေတီးက "အဲတာ အချစ်"
လို့ ပြောပြခဲ့တယ်။


တစ်နေ့မှာ ပလေတိုက ဆရာဆိုကရေတီးကို လက်ထပ်ခြင်းဆိုတာ ဘာလဲလို့
မေးပြန်သတဲ့။ ဆိုကရေတီးက ပလေတိုကို
ထင်းရူးတောထဲ နောက်ပြန်မလှည့်တမ်း တစ်ခေါက်သွားစေပြီး
သွားရာလမ်းတစ်လျှောက်မှာ ခရစ်စမတ်အတွက် အသုံးပြုဖို့ အကောင်းဆုံး
ထင်းရူးပင် တစ်ပင်ကို ယူစေခဲ့တယ်။


သင်္ခန်းစာ တစ်ခါရခဲ့ဖူးတဲ့ ပလေတိုက ဒီတစ်ကြိမ်မှာ အမှားအယွင်းမရှိအောင်
ယုံကြည်မှုအပြည့်နဲ့
ထင်းရူးတောထဲ ၀င်ခဲ့တယ်။ နေ့တစ်ဝက်ရောက်တော့ အရွက်ကျိုးတိုကျဲတဲ့၊
ပင်စည်ဖြောင့်တယ်လို့ ပြောနိုင်တဲ့ ထင်းရူးပင်တစ်ပင်ကို နွမ်းနယ်တဲ့
ခန္ဓာကိုယ်နဲ့ သူထမ်းပြီး ပြန်လာခဲ့တယ်။


"ဒါက အကောင်းဆုံး ထင်းရူးပင်လား" လို့ ဆိုကရေတီးက မေးတော့ "တစ်ပင်ပဲ ယူရမယ်ဆိုလို့
အကောင်းဆုံးကို တွေ့လိုတွေ့ငြား လိုက်ရှာရင်း မဆိုးဘူးလို့ထင်တဲ့
အပင်ကိုတွေ့တော့ ကျွန်တော့်မှာ အချိန်ရော၊ အင်အားပါ ကုန်ခမ်းနေတာကို
သတိပြုလိုက်မိတယ်။ ဒါကြောင့် အကောင်းဆုံးလား ဘာလားဆိုတာ ဂရုမစိုက်တော့ဘဲ
ယူပြန်လာခဲ့တာပါ" လို့ ပြန်တော့ ဆိုကရေတီးက "အဲတာ လက်ထပ်ခြင်း" လို့
ပြောပြခဲ့တယ်။


တစ်နေ့မှာ ပလေတိုက ဆရာဆိုကရေတီးကို တိတ်တိတ်ပုန်းဆိုတာ ဘာလဲလို့
မေးပြန်သတဲ့။ ဒီတစ်ခါ ဆိုကရေတီးက ပလေတိုကို
တောထဲတစ်ခေါက် လမ်းလျှောက်စေခဲ့တယ်။ ဒီတစ်ကြိမ်မှာ ခေါက်တုန့်ခေါက်ပြန်
လျှောက်လို့ရပြီး သွားရာလမ်းတစ်လျှောက်မှာ အလှဆုံး ပန်းတစ်ပွင့်ကို
ယူခိုင်းစေခဲ့တယ်။


ဒီတစ်ခါလည်း ပလေတိုက ယုံကြည်မှုအပြည့်နဲ့ ထွက်ခဲ့ပြန်တယ်။ (၂)နာရီ
နီးပါးကြာတော့ စိတ်မသက်မသာနဲ့ အရောင်စုံပြီး
အနည်းငယ် ညှိုးနွမ်းနေတဲ့ ပန်းတစ်ပွင့်ကို ယူဆောင်ခဲ့တယ်။


"ဒါက အလှဆုံး ပန်းလား" လို့ ဆိုကရေတီးက မေးတော့ "၂နာရီနီးပါး
ကျွန်တော်လိုက်ရှာတော့ အလှဆုံးလို့ ထင်ရတဲ့ ဒီပန်းကို ကျွန်တော်တွေ့ပြီး
ခူးလာခဲ့တယ်။ အပြန်လမ်းမှာ ပန်းက တဖြေးဖြေး ညှိုးနွမ်းသွားခဲ့တယ်" လို့
ပြောတော့ ဆိုကရေတီးက "အဲတာ တိတ်တိတ်ပုန်း" လို့ ဆိုတယ်။


တစ်နေ့မှာ ပလေတိုက ဆိုကရေတီးကို ဘ၀ဆိုတာ ဘာလဲလို့ မေးပြန်သတဲ့။ ဆိုကရေတီးက
အထက်ကအတိုင်း ပလေတိုကို တောထဲတစ်ခေါက် လမ်းလျှောက်စေခဲ့တယ်။ ဒီတစ်ကြိမ်မှာ
ခေါက်တုန့်ခေါက်ပြန် လျှောက်လို့ရပြီး သွားရာလမ်းတစ်လျှောက်မှာ အလှဆုံး
ပန်းတစ်ပွင့်ကို ယူခိုင်းစေခဲ့တယ်။


သင်္ခန်းစာရထားဖူးတော့ ပလေတိုက သတိရှိရှိနဲ့ ထွက်ခဲ့ပြန်တယ်။ သုံးရက်
သုံးညလွန်မြောက်တဲ့အထိ
ပလေတို ပြန်မလာလို့ ဆိုကရေတီးက လိုက်ရှာတော့ တောအုပ်တစ်နေရာမှာ ပလေတို
တဲထိုးပြီး နေနေတာကို တွေ့လိုက်တယ်။


"အလှဆုံးပန်းကို ရှာတွေ့ပြီလား" လို့ မေးတော့ ပလေတိုက ပန်းတစ်ပွင့်ကို ထိုးပြပြီး
"ဒီတစ်ပွင့်ကို အလှဆုံးလို့ ဆိုနိုင်မလား" လို့ မေးတယ်။


"ဒါဆို ဘာလို့ ခူးမပြန်လာတာလဲ"


"ကျွန်တော် ခူးလိုက်ရင် ပန်းက နွမ်းသွားတော့မယ်။ ကျွန်တော်မခူးရင်လဲ
သူနွမ်းသွားမယ်ဆိုတာ သိပါတယ်။ ဒါကြောင့် လှလှပပ ဖူးပွင့်နေတာကို ကြည့်ပြီး
သူညှိုးနွမ်းသွားမှ နောက်တစ်ပွင့်ကို ကျွန်တော်ထပ်ရှာတော့မယ်။ ဒါ
ကျွန်တော်တွေ့ခဲ့တဲ့ ပန်းထဲက အလှဆုံး ဒုတိယပန်းတစ်ပွင့်ပါပဲ"


"အင်း.. ဘ၀ရဲ့ အဓိပ္ပါယ်ကို မင်းနားလည်ခဲ့ပြီပဲ" လို့ ဆိုကရေတီးက
ပလေတိုကို ပြောခဲ့တယ်။
ကျွန်ုပ်သည် ရန်ကုန်မြို့တွင်း မြို့နယ်တစ်ခု၏
ဆင်ခြေဖုန်းရပ်ကွက်တစ်ခုတွင်နေပါသည်။ ဆင်ခြေဖုန်းရပ်ကွက် ဆိုသည့်
အတွက်ကြောင့် အိမ်ခြေက ပြွတ်သိပ်ခဲလျှက်၊ ကြပ်ညပ်လို့နေသည်။
ခေါင်းရင်းအိမ်က ကြံ့ဖွတ် အတွင်းရေးမှူး အိမ်ဖြစ်သည်။ ထို့အပြင် အဆိုပါ
အတွင်းရေမှူးဆိုသူ နေအိမ်သည် ရပ်ကွက်ထဲမှ ရေဖိုး၊ မီးဖိုး၊ ဘာကြေး၊
ညာကြေးများ ကောက်ခံသူတို့ဖြင့် အမြဲခြေချင်းလိမ်ရာ နေရာလည်း ဖြစ်သည်။
ဒါတင်မကသေး ရပ်ကွက်ထဲရှိ ငမူး၊ ငရူးများ မကြာခဏဆိုသလို ၀ိုင်းဖွဲ့အရက်
သောက်ရာ စားသောက်ရုံဟုဆိုလည်း မမှား။

ကျနော့်နှင့် လမ်းထဲရှိတက္ကသိုလ်ကျောင်းသား အုပ်စုမှာမူ
ထိုကြံ့ဖွတ်အတွင်းရေးမှူးဆိုသူကို အသေသတ်ချင် လောက်အောင်ကို မုန်းသည်။
အနှီ အတွင်းရေးမှူးဆိုသူမှာ ကျနော်တို့ တက္ကသိုလ်ကျောင်းများ စာမေးပွဲပြီး
အားလပ်ရက် ပိတ်ပြီး၍ ကျောင်းပြန်ဖွင့် သည့်အခါတိုင်းတွင် ရပ်ကွက်ထဲရှိ
တက္ကသိုလ်ကျောင်းသားများ ရှိရာအိမ်များသို့ ကျောင်းသားနာမည်များ
လိုက်မှတ်ပြီး၊ ကျောင်းတက်စဉ်အတွင်း ကျောင်းတွင်ဆူပူ မှုမလုပ်ရန်၊
ကျောင်းတွင် နိုင်ငံရေးနှင့် ပက်သက်သော စာရွက်စာတမ်းများ
ကိုင်ဆောင်ခြင်း၊ နံရံတွင် ကပ်ခြင်း၊ ဝေခြင်းများ မပြုလုပ်ပါ
ဆိုသောအချက်နှင့် ထိုကဲ့သို့ ပြုလုပ်ပါက သက်ဆိုင်ရာက
အရေးယူမည်ဆိုသည့်အချက်ကို သိပါကြောင်း စသည့်အကြောင်းအရာများ ရေးထားသည့်
စာရွက်ပေါ်တွင် လက်မှတ်ထိုးခိုင်းသည်။ ထိုကြံ့ဖွတ် အတွင်းရေးမှူးဆိုသူသည်
စစ်တပ်အသိုင်းအ၀ိုင်းမှ အထက်ပိုင်းအရာရှိ တော်တော်များများ နှင့်ပေါင်းကာ
လုပ်စားနေသူလည်းဖြစ်သောကြောင့် ရပ်ကွက်ထဲမှ လူဆိုး၊ သူခိုးများမှ လွဲ၍
လူအတော်များများက သူ့ကို ချဉ်ကြ သည်။ ကွယ်ရာတွင် သူ့နာမည်ကို မခေါ်။
“ဖွတ်” ဟုသာ အမြင်ကတ်ကတ်ဖြင့် ခေါ်ကြသည်။

တစ်နေ့သ၌ ကျနော် ကျောင်းမှ ပြန်လာသောအခါ ထိုဖွတ်က ကျနော့်အိမ်သို့လာကာ
အောက်ပါစကားများကို အပြန်လှန် ပြောဖြစ်ကြပါသည်။

ဖွတ်။ ။ “မင်းက ကွန်ပြူတာ တက္ကသိုလ်တက်နေတာဆိုတော့ ကွန်ပြူတာတော့
တော်တော်ကျွမ်းမှာပေါ့နော်”
ကျနော်။ ။ “ရတော့ ရပါတယ်။ မဆိုးပါဘူး။ ဘာဖြစ်လို့လဲ”
ဖွတ်။ ။ “ငါ့ အဘကို ငါ့အိမ်နားမှာ ကွန်ပြူတာ တက္ကသိုလ်
တက်နေတဲ့ကောင်လေးတစ်ယောက်ရှိတယ်လို့ ပြောလိုက်တာ၊ အဲဒါနဲ့ အဘက မင်းကို
တွေ့ချင်တယ်လို့ပြောလို့ မနက်ဖြန် မင်း ကျောင်းကပြန်လာရင်
လိုက်တွေ့လိုက်ပါဦး”
ကျနော်။ ။ “အစ်ကို့ အဘက ဘယ်ကလဲ၊ ရန်ကုန်မှာဘဲနေတာလား”
ဖွတ်။ ။ ။ “အေး….အလုံမှာနေတာလေ။ မင်းမနက်ဖြန် ကျောင်းကနေ
ဘယ်အချိန်လောက်ပြန်ရောက်မလဲ”
ကျနော်။ ။ “အင်း….ညနေ ခြောက်နာရီလောက်ဆိုရင် အိမ်ရောက်ပါပြီ။
ရတယ်လေ…..ကျနော် အိမ်ပြန်ရောက်ရင် လှမ်းအော် လိုက်မယ်”

ကျနော်လည်း စိတ်ဝင်စားသွားသည်။ အကြောင်းမှာ အချို့ကျနော့်အသိ အိမ်များက
ကျနော့်အားတစ်ခါတစ်ရံ ကွန်ပြူတာ ၀ယ်ချင်လျှင် သော်လည်းကောင်း၊ ကွန်ပြူတာ
တစ်ခုခုဖြစ်လျှင်သော်လည်းကောင်း၊ ကွန်ပြူတာနှင့် ပက်သက်၍ တစ်ခုခု
မေးချင်လျှင်သော် လည်းကောင်း ကျနော့်အားခေါ်ပါသည်။ ထို့အတွက် ကျနော်
ကျောင်းအသုံးစရိတ်လေးဘာလေး တော့ရသည်။ ယခုလည်း ကွန်ပြူတာ တစ်ခုခုဖြစ်၍
ပြချင်တာလည်း ဖြစ်နိုင်သည်။ သို့တည်းမဟုတ် ကွန်ပြူတာ ၀ယ်ချင်သည့်အတွက်
အရောင်းဆိုင်သို့ ခေါ်သွားချင်တာလည်း ဖြစ်နိုင်သည်။

သို့နှင့် နောက်တစ်နေ့ ကျောင်းမှ ပြန်ရောက်သောအခါ ကျနော်
ခေါင်းရင်းအိမ်ဘက်သို့ ကျနော် ပြန်ရောက်ကြောင်း အသံပြုလိုက်သည်။
တစ်ခဏကြာသောအခါ ခေါင်းရင်းအိမ်မှ “ဖွတ်” က ကျနော့်ကို လာခေါ်သည်။ တက္ကစီ
စီးသွားကြသည်။ ကားပေါ်တွင် ဖွတ်က “မင်း ဟိုရောက်ရင် အဘကို
ကောင်းကောင်းမွန်မွန်ဆက်ဆံနော်”။ သူ့စကားက လူကိုစော်ကား လိုက်သလို။
သို့နှင့် ကျနော်က “ဟေ့လူ…ခင်ဗျား စကားပြောတာကြည့်ပြော၊ ကျုပ်
တက္ကသိုလ်ကျောင်းသား တစ်ယောက်ဆိုတာ သိထား၊ လမ်းဘေးက ကလေကဝ
တစ်ယောက်မဟုတ်ဘူး”။ ကိုယ့်ရပေါက်ရလမ်း မို့လို့သာ လိုက်သွားသည်။ ပြီးတော့
ကျောင်းအသုံးစရိတ်က ဒီလဆိုလျှင် အပြင်စာအုပ်တွေပါ
ဝယ်ဖတ်လိုက်ရသည့်အတွက်ကြောင့် မလောက်ငှချင်။ ဒင်း ကိုတော့ သိပ်မကြည်။
မျက်စိထဲ ကန့်လန့်ကန့်လန့် ဖြစ်နေတာကြာပြီ။

လေးဆယ့်ငါးမိနစ်ခန့် စီးပြီးသောအခါ အလုံ ဆင်မင်းဈေးအနီးရှိ
လမ်းသွယ်တစ်ခု၏ထိပ်တွင် ဆင်းသည်။ နှစ်ယောက်သား ထိုလမ်းသွယ်ထဲသို့
လမ်းလျှောက်လာပြီး ခြံဝင်းကျယ်တစ်ခုရှေ့တွင် ရပ်လိုက်ကြသည်။ ဖွတ် က
အထဲရှိလူတစ်ဦး၏ အမည်ကို လှမ်းခေါ်လိုက်ရာ လူတစ်ယောက်မှ လာ၍
တံခါးဖွင့်ပေးသည်။ သို့နှင့် အခန်းတစ်ခန်းဆီသို့ရောက်သွားသည်။ ဖွတ်က
ထိုအခန်းတွင် ကျနော့်ကို ထားခဲ့ပြီး အခန်းပြင်ထွက်သွားသည်။ ခဏကြာသောအခါ
ကျနော့်ကို သူ့နောက်လိုက်ခဲ့ရန်ခေါ်ပြီး အခြားအခန်းတစ်ခန်းဆီသို့
ဝင်သွားသည်။ ကျနော်လည်း နောက်မှ လိုက်သွားသည်။ အခန်းထဲတွင် အသက် ၄၅
နှစ်အရွယ်ခန့်ရှိ အမျိုးသားတစ်ဦးကို တွေ့ရသည်။ ဖွတ် က ထိုအမျိုးသားအား
“အဘ… ကျနော်ပြောထားတဲ့ ကောင်လေးကို ခေါ်လာပါပြီ”၊ ထိုအခါ အသက် ၄၅
နှစ်အရွယ်ခန့်ရှိ အဘ ဆိုသူက “အေးအေး…မင်းသွားနိုင်ပါပြီ၊ သူ့ကိုတော့
ထားခဲ့” ဟုဆိုကာ ကျနော့်အား သူ့ရှေ့ရှိ ဆိုဖာစတီ ပေါ်တွင် ထိုင်ခိုင်းသည်။
ဖွတ်က တော့ အခန်းထဲက ထွက်သွားပြီ။

ထိုအဘ ဆိုသူကို ကျနော် တော်တော်စိတ်ဝင်စားသွားသည်။ တစ်ချို့ဦးလေးအရွယ်၊
အဒေါ်အရွယ်များဆို သူများတွေက ကိုယ့်ကို အစ်ကို၊ အစ်မ ဟုခေါ်က
သိပ်ပြီးသဘောခွေ့ သည်။

အချို့အဒေါ်အရွယ်အမျိုးသမီးကြီးများဆို ၄င်းတို့အား “မမ” ဟုခေါ်က လွန်စွာမှ
သဘောကျကြသည်။ ဦးလေးအရွယ်ရှိ သူတို့က ဦးလေးဟု အခေါ်ခံရခြင်းထက် “အစ်ကို”
ဟုခေါ်ခံရပါက ပိုပြီးသဘောကျကြသည်။ ထိုသို့အခေါ်ခံရပါက မိမိတို့၏ ရုပ်ရည်သည်
မရင့်သေး၊ နုနယ်ပျိုမြစ်သော အရွယ်ကို ဆောင်ကြသည် ဟုသတ်မှတ်ကြသည်။
သဘော့ခွေ့သည်။ ပြုံးကြသည်။ ပီတိဖြစ်ကြသည်။ ယခုမူ ကျနော့်ရှေ့၌
ထိုင်နေသောသူသည်ကား ကျနော့် အစ်ကိုအကြီးဆုံးအရွယ်လောက်ပင်မရှိသေး။ ဖွတ်က
၎င်း အား “အဘ” ဟုခေါ် လိုက်ခြင်းမှာ သူမသိ၍ခေါ်လိုက်ခြင်းပင်ဖြစ်မည်။
နာမည်ကိုက “ဖွတ်” ဖြစ်သည် မဟုတ်ပါလား။ အခေါ်ခံရသည့် သူကလည်း “အဘ”
ဟုအခေါ်ခံလိုက်ရတာတောင် မျက်နှာအနည်းငယ်ပင် ပျက်သွားခြင်း မရှိ။ မျက်နှာက
အရယ်အပြုံးမရှိ။ သြော်….တစ်ကယ်တည် ငြိမ်သည့် ပုဂ္ဂိုလ် ပေပဲ။ တရားသမားလည်း
ဖြစ်နိုင်သည်။ သို့မဟုတ် အချို့သူများက ဗေဒင် ဟောစားသူများ၊ ဗိန္ဓော ဆရာ
များကိုလည်း အဘဟု ခေါ်ကြသည့်အတွက် ကြောင့် ထိုပုဂ္ဂိုလ်မှာ ဗေဒင်ဆရာ
သို့မဟုတ် ဗိန္ဓော ဆရာလည်း ဖြစ်နိုင်သည်။

ဘာဘဲဖြစ်ဖြစ် ကိုယ်ကတော့ အသက်အရွယ်ကိုလိုက်ပြီး
ခွဲခြားခေါ်တတ်ကြောင်းကိုတော့ ပြမှဖြစ်မည်။ ပြီးတော့ တက္ကသိုလ် ကျောင်းသား
တစ်ယောက်ဖြစ်ပြီး အထင်သေးမခံချင်။ ဖွတ် ကိုတော့ ထိုကိစ္စမှာ အနည်းငယ်
ခွင့်လွှတ်မိပါသည်။ သူက လမ်းဘေးဒုက္ခသည် ဘ၀ကနေ ဖွတ်ဘ၀ ရောက်လာသည်မို့လို့
ရှိစေတော့။ ဘ၀င်စိတ်ကလေးနှင့် တွေးနေခိုက် အဘဆိုသော ပုဂ္ဂိုလ်က ကျုပ်ကို
စပြီး ……..

အဘ။ ။ “ကဲ…မင်း နာမည်ပြောစမ်းပါဦး”
ကျနော်။ ။ “ဟုတ်ကဲ့… ကျနော့်နာမည် xxxxx ပါ။ အစ်ကို့နာမည်ရော သိပါရစေခင်ဗျာ။”
အဘ။ ။ “အစ်ကိုလို့မခေါ်နဲ့။ အဘ လို့ခေါ်ဟုတ်ပြီလား။ ငါက ဗိုလ်မှူးကြီး xxxx
ကွ။ အားလုံးခေါ်သလို အဘ လို့ပဲခေါ်။”
ကျနော်။ ။ “ဟုတ်ကဲ့၊ အစ်ကို….အဲ….အ….အဘ” (စိတ်ထဲမှာတော့ ကျနော့်ကို
မကောင်းဆိုးဝါးလက်ထဲသို့ အပ်ခဲ့သည့် ဖွတ်ကို ကြိမ်ဆဲနေမိသည်။) “အဘ
ကျနော့်ကို ခေါ်တဲ့အကြောင်းကို သိပါရစေခင်ဗျ”

ထိုအခါ ၄င်း အဘ ဆိုသူက ကျနော့်အား အီးမေးလိပ်စာ တစ်ခုရေးထားသော
စာရွက်အပိုင်း အစတိုလေးတစ်ခု ကို ပေးပြီး အောက်ပါအတိုင်း စကားဆိုပါသည်။

အဘ။ ။ “ရော့…မင်း ဒီလိပ်စာကိုဖွင့်ပေး”
ကျနော်။ ။ “အဘ အီးမေးလ်ပတ်စ်ဝက်ဒ် မေ့နေလို့ ဖွင့်မရတာလား ခင်ဗျ”
အဘ။ ။ “ပတ်စ်ဝက်ဒ် ဆိုတာဘာလဲ”
ဘုရားရေ….Laptop တစ်လုံးလုံးဘေးမှာထားပြီး ပတ်စ်ဝက်ဆိုတာ မသိဘူးတဲ့။
ဟုတ်ရောဟုတ်ရဲ့လား။ သို့တည်းမဟုတ် ကျနော် အင်္ဂလိပ်လို “Password”
ဟုသုံးလိုက်မိသည့်အတွက် နားမလည်သွားတာများလား။ ထို့ကြောင့် ……

ကျနော်။ ။ “အဘ..ပတ်စ်ဝက်ဒ် ဆိုတာ လျှို့ဝှက်ကုဒ် ကိုပြောတာပါ ခင်ဗျာ၊
အီးမေးလ်းလိပ်စာက စာတိုက်သေတ္တာ နံပါတ် နဲ့ တူပြီး လျှို့ဝှက်ကုဒ် ကတော့
အဲဒီ သေတ္တာ ကိုဖွင့်တဲ့သော့နဲ့ တူပါတယ်”

အဘ။ ။ “အေး…ဟုတ်ပြီ။ ငါ ရှင်းသွားပြီ။ အခုဟာက ငါ့လိပ်စာမဟုတ်ဘူးကွ။ ငါ
စုံစမ်းနေတဲ့ ကောင်တစ်ယောက်ရဲ့ အီးမေးလ် လိပ်စာဘဲ။ သူ့လိပ်စာကို
ဖွင့်လို့ရရင် သူဘာလုပ်နေတယ်ဆိုတာကို သိမယ်။ ဒါကြောင့် သူ့လိပ်စာကို
ငါဖွင့်ချင်တာ”

ဟူး…ခက်ပါရောလား။ လူအခွင့်အရေး အပိုဒ် ၁၂ က ဆိုထားရာဝယ် “မည်သူမျှ
မိမိသဘောအတိုင်း အေးချမ်းလွတ်လပ်စွာ နေထိုင်ခြင်းကို သော်လည်းကောင်း၊
မိမိ၏ မိသားစုကို သော်လည်းကောင်း၊ မိမိနေအိမ် အသိုက်အ၀န်းကို
သော်လည်းကောင်း၊ စာပေးစာယူကို သော်လည်းကောင်း ဥပဒေအရ မဟုတ်သော
ဝင်ရောက်စွက်ဖက်ခြင်း မခံစေရ။” ဟူ၏။ ဒီ အဘ ဆိုသူ နဲ့တော့ ခက်နေပါပြီ။

ကျနော်။ ။ “အီးမေးလ်လိပ်စာတစ်ခုအထဲက စာတွေကို ဖတ်ဖို့ဆိုရင် ခုနကပြောတဲ့
လိပ်စာရယ်၊ လျှို့ဝှက်ကုဒ် ရယ် နှစ်ခုလုံးသိမှ ဖွင့်လို့ရတာပါ အဘ”

အဘ။ ။ “အေး…အေး။ ဒါဆိုလည်း မင်းပြန်နိုင်ပါပြီ။ ရော…ရော့” ဟုဆိုကာ
ကျနော့်အား တစ်ထောင်တန် အခေါက်တစ်ထပ်ကို ပေးပါသည်။ ကျနော့်တွင်
ပိုက်ဆံပါသည်ဟု ပြောပြီး ကျနော်မယူခဲ့ပါ။

နောက်တစ်နေ့ မနက် အိပ်ယာထပြီး အိမ်ရှေ့တွင် မျက်နှာသစ်နေခိုက်၊
ဟိုဘက်အိမ်က ဖွတ်က ရုတ်တရက်လှမ်း၍ “ဟေ့ကောင်… မင်းမနေ့က အဆင်ပြေရဲ့လား။
အဘက မုန့်ဖို့ဘယ်လောက်ပေးလိုက်လဲ။” ကျနော်လည်း မနက်စောစောစီးစီး ဖွတ်
မျက်နှာကို မြင်ပြီး အကုသိုလ် ပွားရတော့သည်။ “ဘယ်လောက်ပေးပေး
ခင်ဗျားအပူလား။” အခုလို ပိတ်ပြောပစ်တာတောင် ဒင်းက မရပ်သေး။ ဆက်ပြီး
“အောင်မာ….မင်းက ငါလိုက် ပို့လို့ အဘဆီကို တစ်ခေါက်ပဲယောက်ဖူးသေးတာ။
မင်းက အဘအားကိုးနဲ့ ငါ့ကို မိုက်တော့မယ်ပေါ့ဟုတ်လား။”

ကျနော်လည်း မနက်စောစောစီးစီးမို့ ပါးစပ်က အယုတ်တ၊ အနတ္တ
မထွက်ချင်သည့်အတွက်ကြောင့် မျက်နှာသစ်လက်စဖြင့် ရေခွက်ကို တိုင်ကီထဲသို့
ဗွမ်းကနဲ ပစ်ချပစ်လိုက်ပြီး အိမ်ထဲသို့ ၀င်ခဲ့တော့သည်။

သို့နှင့် တစ်ပတ်လောက်ကြာသော် ဖွတ် မိန်းမ (ဖွတ်မ) က ကျနော့်အမေအား ဖွတ်က
အဘ ဆိုသူထံမှ ကျနော်သည် အင်တာနက်အကြောင်း ကိုကောင်းစွာသိရှိထားကြောင်း၊
သူ (အဘဆိုသူ) မရှင်းလင်းသည့် အကြောင်းများကိုလည်း စိတ်ရှည်လက်ရှည်
ရှင်းပြနိုင်ကြောင်း ကျနော့်အမေ ပြန်ပြောပြ၍ သိရသည်။ သို့သော် ကျနော်
စိတ်မ၀င်စားပါ။ Password ဆိုသည့်စကားလုံးကို ဂိမ်းဆိုင်မှာ ဂိမ်းဆော့နေကြ
သည့် မူလတန်း၊ အလယ်တန်း အဆင့် ကလေးတွေပင် ကောင်းကောင်း သိပါသည်။

တစ်နေ့တွင် ဖွတ် က ကျနော် ကျောင်းသွားနေခိုက် ညနေကျနော်
ကျောင်းကပြန်လာလျှင် အဘ ဆိုသည့် ပုဂ္ဂိုလ်အိမ်သို့ သွားရဦးမည်ဖြစ်
ကြောင်း ကျနော့်အမေအား မှာထားခဲ့၍ ကျနော်ကျောင်းကပြန်ရောက် သောအခါ
သိရသည်။ ကျနော် သူငယ်ချင်းအိမ်တွင် စာသွားလုပ်စရာရှိ သည်ဟု
အကြောင်းပြသည်။ သို့သော် အမေမျက်နှာမကောင်း၍ ကျနော် ဖွတ်နှင့်အတူ ဒုတိယ
အကြိမ် အဘ ဆိုသူ အိမ်သို့ လိုက်သွားရပြန်သည်။ အမေက ဘယ်သူနှင့် မှ
ပြဿနာတက်မည်ကို မလိုလား။ စကားများများမပြောချင်။

ဖွတ်က အရင်တစ်ခေါက်တုန်းကလိုပင် ကျနော့်အား အခန်းထဲတွင်ထားခဲ့ပြီး
ပြန်သွားသည်။ ကျနော့်မှာမူ အဘနှင့် နှစ်ပါးသွားရတော့သည်။ “အေး…မောင်XXXX၊
ထိုင်ကွာ၊ မင်းကို အဘမေးစရာတွေရှိလို့။ ဂျီတောက် ဆိုတာဘာလဲသိလား”။ ကျနော်
ရုတ်တရက်ကြောင်သွားသည်။ ထို့နောက် အတန်ငယ်စဉ်းစားပြီးမှ …..

ကျနော်။ ။ “ဟုတ်ကဲ့အဘ။ ကျနော်အဲဒီ ဗဟုသုတတော့ သိပ်မရှိပါဘူး။
မုဆိုးတွေပြောတာတော့ ကျားတို့၊ ခြင်္သေ့တို့ဆိုရင် ဟိန်းတယ်။ မျောက်တို့၊
ဆင်တို့ဆိုရင် အော်တယ်။ ဂျီ ဆိုရင် တောက်တယ်။ ကြက်တို့၊ ဒေါင်းတို့
ဆိုရင် တွန်…”

အဘ။ ။ “ဟာ….၊ မဟုတ်ဘူးလေကွာ၊ ကွန်ပြူတာမှာလေ.. တစ်ယောက်နဲ့တစ်ယောက်
စကားပြောကြတာ။ ဂျီတောက်လေ…ဂျီတောက်။”

ကျနော်။ ။ “သြော်…ဟုတ်ကဲ့၊ အဲဒါ ဂျီတော့ခ် လို့ခေါ်ပါတယ် အဘ။
တစ်ခြားတစ်နေရာမှာ ရှိတဲ့သူတစ်ယောက် ယောက်နဲ့ ကိုယ်နဲ့ အင်တာနက်ပေါ်က
ဂူဂဲလ် စကားပြောစနစ်ကို သုံးပြီးတော့ တွေ့ကြ၊ စာရေးပြီး စကားပြောကြ၊
နားကြပ် တပ်ပြီး စကားပြောကြတာကို ဂျီတော့ခ်လို့ခေါ်ပါတယ်”

သို့နှင့် ကျနော့်အား ဂျီတော့ခ်ပေါ်တွင် စမ်းပြီးစကားပြောချင်သည်ဟု
ပြောသည့်အတွက်ကြောင့် ဂျီမေးလ် အကောင့်တစ်ခုကို သူ့အတွက် ဖွင့်ပေးပြီး၊
ကျနော့်အတွက်လည်း သူနှင့် စကားပြောရန် နောက်ထပ် ဂျီမေးလ်အကောင့်တစ်ခု
ထပ်ဖွင့်ပါသည်။ အစမ်းလေ့ကျင့်ရန် ကွန်ပြူတာ နှစ်လုံးရှိရမည်
ဖြစ်ကြောင်းပြောရာ ၄င်းအိမ်အပေါ်ထပ်မှ ကွန်ပြူတာနောက်ထပ်တစ်လုံးကို
အမျိုးသား တစ်ဦးက ရွှေ့လာပါသည်။ သို့နှင့် အခန်း ထောင့်နှစ်ထောင့်တွင်
ကွန်ပြူတာ တစ်လုံးစီကို ထားပြီး ဂျီတော့ခ်ပေါ်တွင် စကား ပြောကြပါသည်။
ကျနော်တို့ ဂျီတော့ခ်ပေါ်တွင် ပြောခဲ့ကြသော စကားများမှာ
အောက်ပါအတိုင်းဖြစ်ပါသည်။

အဘ။ ။ “ဟဲလို…ဟဲလို။ ကြားရလား….ကြားရလား။ ကြားရင် အကြောင်းပြန်”
ကျနော်။ ။ “ဟုတ်ကဲ့ကြားရပါတယ်။” (ကြားရမှာပေါ့။ တစ်ခန်းထဲမှာ ဒီလောက်
အာသံဗြဲကြီးနဲ့ နားမခံသာအောင် အော်နေတာ)
အဘ။ ။ “ဟေး….မင်းနေကောင်းလား”
ကျနော်။ ။ “ဟုတ်ကဲ့ကောင်းပါတယ်။” (စိတ်ပျက်ဖို့)
အဘ။ ။ “ကောင်းပါတယ် အဘလို့ပြော” (အရေးထဲ ထ ထ ဖောက်နေပြန်ပြီ။ တစ်ကယ်….ပါ။
စိတ်ပိန်တယ်)
ကျနော်။ ။ “ကောင်းပါတယ် အဘ”
အဘ။ ။ “အေး…အေး။ မင်းဘာလုပ်နေလဲ” (သိသိကြီးနဲ့ မေးပြန်ပြီ…။ စိတ်ရော၊ လူရော ညစ်တယ်)
ကျနော်။ ။ “အဘ နဲ့ စကားပြောနေတယ်လေ” (အမှန်ကို ဆိုတာပါ၊ မလိမ်ပါ)
အဘ။ ။ “အော်..အေး၊ ဟုတ်သားပဲ” (ဒီလိုဘဲ ဖြီးနေကျ)
သည်လိုနှင့် စကားပြောကြရာ တစ်နာရီခန့်ကြာသွားသည်။
ပါးစပ်တွေလဲညောင်းလှပြီ၊ နားတွေလည်း အူလှပြီ။ တစ်နည်းအားဖြင့် (ယခုခေတ်
စကားနှင့် ဆိုရပါမူ) နားမုဒိန်းကျင့်ခံနေရသည့် ဒုက္ခ။ သို့နှင့်…….
ကျနော်။ ။ “အဘ….ဂျီတော့ခ်က တစ်ခါတစ်ခါ ဗိုင်းရပ်စ်တွေ ပါတတ်တယ်။ ကျောင်းက
သူငယ်ချင်းတစ်ယောက်တောင် သူ့သူငယ်ချင်းနဲ့ ဂျီတော့ခ်ပြောရင်း
ကွန်ပြူတာထဲကို ဗိုင်းရပ်စ်ဝင်လာပြီး ပျက်သွားရော”
(အိမ်လည်းပြန်ချင်လှပြီ - အဖြူရောင် မုသားသုံးလိုက်ရသည်)

အဘ။ ။ “ဟာ…ဒီအတွက်တော့မပူနဲ့။ ငါ့မှာ နောက်တစ်လုံးရှိသေးတယ်” (ဒီကလေးနဲ့
ခက်ပါပြီကော)။
ကျနော်။ ။ “မဟုတ်ဘူး အဘ။ ဗိုင်းရပ်က ကွန်ပြူတာထဲ ကနေ တစ်ဆင့် နားကြပ်
ထဲကိုရောက်နိုင်ပြီး ဦးနှောက်ထဲအထိ ရောက်တယ်။ ပြီးတော့
ဦးနှောက်ထိခိုက်ပြီး အသက်ပါဆုံးတယ်လို့ ပြောတယ်အဘရဲ့။ မနေ့ကတင် ကျနော်
အင်တာနက် သတင်းတစ်ပုဒ်မှာ ဖတ်လိုက်ရတယ်။ အဲဒီအထဲမှာ အနောက်နိုင်ငံတစ်ခုက
ကျောင်းသားတစ်ယောက် ဂျီတော့ခ်ပြောရင်း နားကြပ်တန်းလန်းနဲ့ သေနေတာကို
တွေ့ရတယ်တဲ့။ ဆရာဝန်က စစ်ဆေးကြည့်တော့ ကွန်ပြူတာ ထဲက ဗိုင်းရပ်စ်ပိုးက
ဂျီတော့ခ်ကနေ နားကြပ်ထဲ၊ နားကြပ်ထဲကနေ တစ်ဆင့် ဦးနှောက်ထဲကို ၀င်ပြီး
ဦးနှောက်ကို ဒုက္ခပေးတာတဲ့။ နောက်ပြီး ကွန်ပြူတာ ဗိုင်းရပ်ပိုးက
ဦးနှောက်ထဲကို ၀င်သွားပြီးရင် အဲဒီလူကို နာရီပိုင်းအတွင်း
သေစေနိုင်တယ်တဲ့။ အဲဒါ ကျနော် အဘအတွက် စိုးရိမ်လို့ပါ အဘ။ ”

အဘ။ ။ “ဟေ…ဟုတ်လား။ ဒါဆိုရင် ဂျီတော့ခ် ပြောတာ အသက်အန္တရာယ်နဲ့ နီးစပ်တယ်။
တော်ပြီ နောက်ဆိုရင် ဂျီတော့ခ် မပြောတော့ဘူး။ ရာဟု မစိန်ကြာ နဲ့ဘဲ
စကားပြောတော့မယ်။ ညက ငါ့ ရဲဘော်တွေနဲ့ ဘီယာသောက်ရင်း သူတို့ပြောပြတာ။
ဂျီတောက်..အဲ..ဂျီတော့ခ် နဲ့ စကားပြောရတာ အဆင်မပြေရင် ရာဟု မစိန်ကြာ နဲ့
စကားပြောလို့ရတယ်တဲ့။ အဲဒါ မင်းလုပ်ပေး”

ဘုရား….ဘုရား။ ဒုက္ခတွေတော့ ဖြစ်ကုန်ပြီနဲ့တူတယ်။ ဘယ်က ရာဟု မစိန်ကြာ လဲ။
အရေးထဲ အောင်သွယ်လုပ်ခိုင်းနေပြန်ပြီ နဲ့တူတယ်။

ကျနော်။ ။ “အဘ….ကျနော့် အသိထဲမှာ ရာဟု မစိန်ကြာဆိုတာ မရှိဘူးခင်ဗျ။
ဟို…ဟို။ ဒါမှ မဟုတ် မစိန်ကြာဆိုတာ…”
အဘ။ ။ “မစိန်ကြာ မဟုတ်ဘူးလေကွာ။ ရာဟု ပါသေးတယ်။ ရာဟု မစိန်ကြာ”

စနေနေ့မှာမွေးတဲ့သူတွေဆို စနေမောင်မောင်တို့၊ စနေမ တို့ဆိုပြီး နာမည်
ပေးကြတော့ ဧကန္တ မစိန်ကြာကို ရာဟု နေ့မှာမွေးလို့ ရာဟု မစိန်ကြာလို့
ပေးထားတာဘဲနေမှာ။

အဘ။ ။ “ဟေ့ကောင်…ဘာငေးကြည့်နေတာလဲ…။ ငါ ရာဟု မစိန်ကြာ နဲ့
စကားပြောချင်တယ်ဆို။ အင်တာနက်ထဲမှာ ရာဟု မစိန်ကြာ ရှိတယ်”

ကျနော်။ ။ “ဟို…ဟို..အဘ။ ကျနော် အင်တာနက် သုံးလာတာ ကြာပါပြီ။ ကျနော် ရာဟု
မစိန်ကြာဆိုတာ တစ်ခါမှ မကြားဖူးပါဘူး”
ထိုအခါကျမှ အဘ က သူ့ အိပ်ကပ်ထဲမှ စာရွက်အပိုင်းအစလေးကို ထုတ်ကာ… “ဒီမှာ
တွေ့လား၊ မနေ့က ငါ့ရဲဘော်တွေ ရေးပေးလိုက်တာ… ဘာတဲ့ Y-A-H-O-O…ရာဟု၊
M-E-S-S-E-N-G-E-R…မစိန်ကြာ တဲ့။ အဲဒီမှာ စကားပြောလို့ ရတယ်လို့ပြောတယ်”။

ကျနော်။ ။ “ဟာ…အဘ အဲဒါ ရာဟူး မတ်စင်ဂျာ လို့ခေါ်တယ်။ ဗိုင်းရပ်ပိုး
အများဆုံးဝင်တာ အဲဒီကပေါ့။ အင်တာနက်ပေါ်မှာ
စကားပြောတဲ့လူတော်တော်များများကို ဒုက္ခပေးတာ။ ရာဟူး မတ်စင်ဂျာ မှာ
စကားပြောရင်း သေတဲ့သူ အရေအတွက်က၊ ဂျီတော့ခ် မှာစကားပြောရင်
သေဆုံးသူအရေအတွက်ထက်ပိုများတယ်။

အဘ။ ။ “မင်းကွာ….အဲဒီလို ဖြစ်တတ်တယ်ဆိုတာ စောစောက ငါ့ကို ဘာလို့ကြိုမပြော
တာတုန်း။ အခုလိုကြားရ တာတောင် နိမိတ်မကောင်းဘူး။ မင်းလည်း
နောက်ဆိုငါ့အိမ်ကို မလာတော့နဲ့။ ဒါ…ဟိုကောင်တွေ ငါ့ကို သက်သက်
သေကြောင်းကြံတာ….တောက်၊ တွေ့ကြသေးတာပေါ့ကွာ၊ ဟင်း…ဟင်း”။
သူ့နာမည်က ဟူဂီ။
ဟူဂီက လူပုံက ချောချော၊ စတိုင်ကျကျ နေထိုင်တတ်ယုံမကဘူး။ ပြောတတ် ဆိုတတ်သူဆိုတော့ ပေါင်းသင်း ဆက်ဆံရေးကောင်း တဲ့ သူ့ကို မိတ်ဆွေတွေက တော်တော် ခင်မင်ကြတယ်။ ဒါပေမယ့် သူက ဘယ်လောက်ပဲ ပေါင်းသင်းဆက်ဆံရေး နယ်ပယ်မှာ ဆရာကြီး ဖြစ်နေပေမယ့် စီးပွားရေးနယ်ပယ်မှာတော့ သုညပါဘဲ။ ဘယ်အလုပ်ကို လုပ်လုပ် အဆင်မပြေဘူး။ အရှုံးနဲ့ ရင်ဆိုင်နေ ရတာချည်းဘဲ။
ဟူဂီမှာ အဲ့ဒါထက် ပိုအရေးကြီးတာက သူ့ယောက်ခမလောင်းကြီးက စီးပွားရေး အဆင်မပြေတဲ့ သူ့ကို သမီး ဖြစ်သူ လော်ရာနဲ့ သဘောမတူတဲ့ ပြသနာပါဘဲ။ ဟူဂီက လော်ရာ့ကို အရမ်း မြတ်နိုး တယ်။ လက်ထပ် ယူချင် တယ်။ ယောက်ခမလောင်းကြီးက ဘ၀င်ကိုင်မယ်ဆိုလည်း ကိုင်လောက် တယ်။ သူကိုယ်တိုင်က လေတပ်က ဗိုလ်မှူးကြီး။ သမီးဖြစ်သူကလည်း ဘွဲ့ရပညာ တတ်။ ရုပ်ချော၊ ဥစ္စာပေါ။ ဒီတော့ ဟူဂီခမျာ လော်ရာသာ သူ့ ဘက်က မရပ်တည်ခဲ့ရင် မလွယ်တဲ့ အနေအထား။ လော်ရာကလည်း ဟူဂီ ကို ချစ်ရှာပါတယ်။ ဒါပေမယ့် အဖေ ဖြစ်သူက ပေါင်တစ်သောင်း တင် တောင်း နိုင်မှ လက်ထပ်ပေးမယ်လို့ ရာဇသံထုတ်ထားတော့ နှစ်ယောက် သား အခက်တွေ့ နေကြတယ်။
တစ်နေ့ ဟူဂီတစ်ယောက် လော်ရာနဲ့ ချိန်းထားရာကို မသွားခင် မြို့ထဲက သူငယ်ချင်းဖြစ်သူ ပန်းချီဆရာ ထရီဗာရဲ့ စတူရီယိုကို လမ်းကြုံဝင် ခဲ့ တယ်။ ထရီဗာဟာ သူတို့မြို့ရဲ့ တန်းဝင် ပန်းချီဆရာတစ်ယောက်ပါ။ ဟူဂီရောက်သွားချိန်မှာ ထရီဗာဟာ လူတစ် ယောက် အရွယ်အစား လောက် ရှိတဲ့ ပန်းချီကားတစ်ကားကို ရေးဆွဲနေချိန်ဖြစ်တယ်။
စတူဒီယိုထဲမှာ ထရီဗာ့ရဲ့ ပန်းချီကားအတွက် သရုပ်ပြပေးနေတဲ့ မိုဒယ်ကို ကြည့်ပြီး ဟူဂီ စိတ်ဝင် စား မိသွား တယ်။ ကြည့်စမ်း.. ဒီငနဲက ရှုခင်း လှလှ ဒါမှမဟုတ် ကောင်မလေးလှလှတွေကို မော်ဒယ်လုပ် မဆွဲပဲ ဒီလောက် ညစ်ပတ် နံစော် စုတ်ပြတ်နေတဲ့ သူတောင်းစားကြီးကိုမှ တခုတ် တရ ပန်းချီရေးဆွဲနေတယ်။ သူတောင်းစား ကြီးကိုလည်းကြည့်ဦး။ အသက်က ၇၀လောက်။ မျက်နှာက အရေးအကြောင်းတွေက စက္ကူတစ်ရွက်ကို လုံးချေထားသလို အစင်းကြောင်း ဗရပွနဲ့။ ဖာရာ ချုပ်ရာတွေ အထပ်ထပ်နဲ့။ ကုတ်အကျီ င်္က ပုံမကျပန်း မကျနဲ့။ လက်တစ်ဖက်က တောင်ဝှေးအို တစ်ချောင်းနဲ့။ ကျန်လက်တစ်ဖက်က ဦးထုပ် အစုတ်တစ်လုံး ကို ပိုက်ဆံတောင်းဖို့ ပက်လက်ကလေး ကိုင်ထား ဟန်နဲ့။ အလို.. သူ့မျက်လုံးတွေ ကလည်း ထိခိုက်ကြေကွဲ ၀မ်းနည်း နေလို့ပါ လား။
သရုပ်ပြပေးနေတဲ့ သူတောင်းစားကြီးကို ဟူဂီဟိတ်ဝင်စားသွားတယ်။ တစ်ချိန်ထဲမှာ သနားကြင်နာ စိတ်တွေ တဖွားဖွား ပေါ်ပေါက် လာတယ်။ ဒါနဲ့ ထရီဗာ့ကို လှမ်းပြောလိုက်မိတယ်။
“ အဖိုးကြီးက သနားစရာကွာ။ ညောင်းညာနေရှာမှာဘဲ။ နောက်သူ့မျက်နှာက ၀မ်းနည်းကြေကွဲ နေတော့ ပန်းချီကား ကြည့်ရသူ တွေ ဘယ်လိုလုပ် စိတ်ချမ်းသာနိုင်ပါ့မလဲ။ မင်းမို့လို့ ဒီအဖိုးကြီး ပုံကို ဆွဲတယ်ကွာ”
“ ဒီမှာ ဟူဂီ.. အနုပညာသမား တစ်ယောက်ရဲ့ ခံစားချက်ကို မင်းနားမလည်ပါဘူး။ ငါရေးဆွဲနေ တာ သူတောင်းစား တစ်ယောက်ရဲ့ ပုံကွ။ မြင်သူ သနားရမယ်လေ။ ပျော်ရွှင်နေတဲ့ သူတောင်းစား မျက်နှာကို မင်းမြင်ဘူးလို့လားကွ ဟေ..”
ဟူဂီလည်း ထရီဗာပြောတာနဲ့ သူတောင်းစားကြီး မျက်နှာကို ထပ်ပြီးကြည့်လိုက်မိတယ်။ ဟုတ်ပ။ ကြည့်ရင်း ကြည့်ရင်းနဲ့ အဖိုးကြီး ကို ဟူဂီ သနားသည်ထက် သနားလာမိတယ်။ အဖိုးကြီးကတော့ မလှုပ်မယှက်နဲ့ သူ့တာဝန်ကို ကျေပွန်စွာ ထမ်းရွက်လို့။
“ ဒီအဖိုးကြီး ကိုယ်ဟန်ပြဖို့အတွက် မင်းသူ့ကို ကိုယ်ဟန်ပြခ ဘယ်လောက်ပေးရသလည်း ထရီဗာ ”
ထရီဗာက ခဏစဉ်းစားလိုက်ပြီး..
“ တစ်နာရီကို တစ်သျှီလင် ”
“ မင်း ဒီပန်းချီကားကြီးကို ရောင်းလိုက်ရင် ဘယ်လောက်ရနိုင်မလည်း ”
” ပေါင်နှစ်ထောင်တော့ အသာလေးပဲ ကိုယ့်လူရေ ”
“ ဟေ.. ပေါင်နှစ်ထောင်.. ဟုတ်လား။ ထရီဗာ.. ဒါဆို မင်းပေးတာ မနည်းလွန်းဘူးလားကွာ။ အနည်းဆုံး တစ် ရာခိုင်နှုန်း လောက် တော့ မင်းပေးသင့်တာပေါ့ ”
“ ဟာကွာ ဟူဂီ။ မင်း.. ပါးစပ်ပိတ်ပြီင်္း အေးအေးထိုင်နေစမ်းပါကွာ။ ပန်းချီကား တစ်ချပ်ဖြစ်ဖို့ ဆေးတွေ၊ စုတ်တံတွေ၊ ကင်းဗတ်စ တွေ ရှိတိုင်း ဆွဲလို့ရတယ် မထင်နဲ့ကွ။ အတွေ့အကြုံ၊ အတွေးအခေါ်နဲ့ ရင်ထဲက အနုပညာ လိုသေးတယ်ကွ ။ စိတ်ရော ကိုယ်ပါ ဘယ်လောက်တောင် ပင်ပန်းတယ်ဆိုတာ မင်းမသိပါဘူးကွာ။ မင်းကိုရှင်းပြရတာ မောလှတယ်ကွာ ”
ဟူဂီလည်း ထရီဗာ မကြိုက်ဘူးထင်လို့ ထပ်မပြောပြတော့ပါဘူး။ ထရီဗာရဲ့ စုတ်ချက်တွေကို ကြည့်လိုက်၊ သနားစရာ အဖိုးကြီးရဲ့ မျက်နှာကို ကြည့်လိုက်နဲ့သာ နေလိုက်ပါတယ်။ ဒါပေမယ့် ထရီဗာ ခဏနားနေ ချိန်မှာတော့ ဟူဂီမနေနိုင်တော့ပဲ အဖိုးကြီးနား ချဉ်းကပ်လိုက်တယ်။ ထိုင်ပြီး အညောင်းဖြေဖို့လည်း ခုံတစ်လုံးရွှေ့ပေးလိုက်မိတယ်။

နောက်.. ဟူဂီလက်က သူ့အိတ်ကပ်ထဲက ရွှေဒင်္ဂါးပြားတစ်စေ့နဲ့ ပဲနီစေ့ နှစ်စေ့ကို ထုတ်ယူလိုက်တယ်။ ဒီဒင်္ဂါးပြားဟာ ဒီတစ်လ အတွက် သူလ ကုန်အထိ ကားစီးဖို့ နောက်ဆုံး လက်ကျန်ငွေ အကုန်ပါဘဲ။ ဒါပေမယ့် ဟူဂီ ဆုံးဖြတ်ချက် ချလိုက်တယ်။ ကြေကွဲ ၀မ်းနည်းနေတဲ့ အဖိုးကြီးရဲ့ ဒုက္ခ ငါခြေလျှင်လျှောက်ရတဲ့ ဒုက္ခထက် ပိုမကြီးနိုင်ပါဘူး ။ ဒါနဲ့ပဲ ဒင်္ဂါးပြားကို ကိုယ်ဟန်ပြ အဖိုးကြီး လက်ထဲ ထည့်ပေးလိုက်ပြီး အဖိုးကြီးရဲ့ မျက်နှာကို အကဲခတ် ကြည့်ရှုနေမိတယ်။
“ ဒီသူတောင်းစားကြီးကလဲ အဆန်းပါလား။ ပိုက်ဆံရတာ ၀မ်းသာအားရလည်းမရှိဘူး။ မယုံသလိုလို.. အံ့သြသလိုလိုနဲ့ ”
သူရဲ့အတွေးကို သိသလားမသိ။ “ ကျေးဇူးတင်ပါတယ်မောင်ရင်ရယ်။ ကျေးဇူးပါဘဲ ” လို့ အဖိုးကြီးက လှမ်းပြော လေတယ်။ ထရီဗာ ပြန်ရောက် လာတော့ ဟူဂီ နှစ်ယောက်လုံးကို နှုတ်ဆက်ပြီး စတူဒီယိုက ထွက်ခွာခဲ့တယ်။ လော်ရာဆီရောက်တော့ သူဘာကြောင့် နောက်ကျ ရတယ်ဆိုတာကို ပြောပြတော့ လော်ရာက ၀မ်းသာစွာနဲ့ ချီးကျူးလေတယ်။ ရှင့်ရဲ့ သဒ္ဓါတရား ကိုပဲ ချီးကျုးရမလား။ ဒါမှမဟုတ် ငွေတန်ဘိုးကို မသိတဲ့သူလို့ပဲ ထောပနာပြုရမလား။ ကွဲကွဲပြားပြား စဉ်းစားကြည့်ဦးမှပဲ ” လို့ ပြောလေတယ်။
နောက်တစ်နေ့ သူ့ဆီ ထရီဗာက ဖုန်းဆက်တယ်။
“ ဟူဂီ.. မင်းမနေ့က ကိုယ်ဟန်ပြ အဖိုးကြီးကို ဘယ်လို စည်းရုံးလိုက်လဲကွ။ မင်းလည်း ပြန်သွား ရော ငါလည်း မင်းအကြောင်း သိသမျှ အကုန် ပြောပြလိုက်တယ်။
“ ဘာရယ် ထရီဗာ.. ငါက အဖိုးကြီးကို စကား တစ်ခွန်းတောင် မဟခဲ့ရပါလားကွာ။ မင်းလုပ်ပုံက အဖိုးကြီးကို ပြောင်လှောင်စရာလို့ သဘောထား နေတာလားကွ။ ခုလောက်ပေရေ စုတ်ပြတ်နေတဲ့ အဖိုးကြီးကို ဘယ်သူမဆို သနားမိမှာ အမှန်ပါပဲကွာ။ မင်းတို့ အနုပညာသမားဆိုသူတွေက လူတစ်ယောက်ရဲ့ ဒုက္ခကို ကြည့်ပြီး အနုပညာရသ ဖော်ထုတ်နိုင်တာ အံ့သြပါရဲ့ကွာ ”
“ ဟား..ဟား ..ဟူဂီ..။ ငါက ပန်းချီဆရာလေ။ သူတောင်းစားကို သူတောင်းစားနဲ့ တူအောင် ဆွဲရတာ ငါ့အလုပ်လေ။ သူတောင်း စားကို သူဌေး ဖြစ်အောင် လုပ်ပေးလို့မှမရတာ။ ဒါနဲ့ မင်းနဲ့ လော်ရာတို့ အခြေအနေရော..။ ငါတောင် မင်းတို့ရဲ့ ပေါင် တစ်သောင်း ဇာတ်လမ်းကို သူတောင်း စား အဖိုးကြီးကို ပြောပြလိုက်မိသေးတယ် ”
“ မင်းလွန်နေပြီ ထရီဗာ။ သူတောင်းစားတစ်ယောက်ကိုမှ ငါ့အကြောင်း လျှောက်ပြော ရတယ် လို့ကွာ ”
“ တယ်ခက်တဲ့ ဟူဂီပဲ။ အဖိုးကြီးက ငါ့ကို နှုတ်ပိတ်သွားပေမယ့် မင်းဖြစ်နေပုံကို ကြည့်ပြီး ငါမနေနိုင်တော့ဘူး။ မင်းကို ငါပြောပြ မယ် ”
ထရီဗာ့ စကားကြောင့် ဟူဂီနားမလည်နိုင်ဖြစ်သွားရတယ်။
“ ဒီလိုကွ။ အဲ့ဒီ အဖိုးကြီးက သူတောင်းစားမဟုတ်ဘူးကွ။ ငမွဲငတေ မဟုတ်ဘူး။ ဟောဒီ လန်ဒန်မြို့တစ်မြို့လုံး ကိုတောင် ၀ယ်ယူ နိုင်လောက် အောင် ချမ်းသာတဲ့ နယ်စားကြီး ဟော့စဗတ် ကွ။ မင်းလည်းကြားဘူးမှာပေါ့ ”
ဟူဂီလည်း အံ့သြသင့်ပြီး “ ဘုရားရေ..” လို့အော်လိုက်မိတယ်။
“ ဟုတ်တယ်။ အဲ့ဒီ သူဌေးကြီး ဟော့စဗတ်က သူတောင်းစားပုံစံမျိုးနဲ့ သူ့ပုံတူ ပန်းချီဆွဲတာခံချင်ပါတယ်ဆိုလို့ ငါဆွဲပေးရတာကွ ”
“ အလိုလေး.. တော်တော်ရူးသွပ်တဲ့ သူဌေး ဟော့စဗတ်ဘဲ။ ငါလိုကောင်ကလဲ သူကြွယ်သူဌေး ကိုမှ ရှိစုမဲ့စုလေး စွန့်ကြဲမိတယ် ”
“ အေး.. မင်းရဲ့ ကြင်နာမှုကိုတော့ ငါလေးစားမိတယ်။ ဒါပေမယ့် မင်း လူအကဲခတ်တော့ ညံ့ လွန်းတယ်။ မင်းက သူတောင်းစား နဲ့တူအောင် ပြုပြင်ပေးထားတဲ့ အပေါ်ယံ အ၀တ်အစားနဲ့ အသုံးအဆောင်တွေကိုပဲ အကဲခတ် တာကို။ ခြေမွှေးလက်မွှေး မီးမလောင် ခဲ့ရလို့ ဖောင်းပြည့် နေတဲ့ သူ့ရဲ့ သန့်ရှင်း သပ်ရပ်တဲ့ ခြေချောင်း လက်ချောင်း လေးတွေကိုမှ သေသေချာချာ မကြည့်ခဲ့တာ ”
“ အေးကွာ.. ငါတကယ်ကို မထင်မိဘူး။ ငါ့ကိုတော့ သူဌေးကြီးက တော်တော်နုံတဲ့ ကောင်ဆိုပြီး ထင်သွားမှာ မလွဲပါဘူးကွာ ”
နောက်တစ်နေ့ ဟူဂီ အိမ်မှာရှိနေတုန်း ဟူဂီမသိတဲ့ ထည်ထည်ဝါ၀ါ ၀တ်ဆင်ထားတဲ့ လူတစ်ယောက် အိမ်ကိုရောက်လာခဲ့တယ်။
“ မစ္စတာ ဟူဂီကို တွေ့ချင်လို့ပါ။ နယ်စားကြီး ဟော့စဗတ် တာဝန်ပေးချက်အရ လာခဲ့ရတာပါ ”
ဟူဂီ တကိုယ်လုံး ဟော့စဗတ် အသံကြားတာနဲ့ ဆတ်ကနဲ တုန်သွားရတယ်။ သူ့မျက်နှာကလည်း ရှက်လွန်းလို့ နီမြန်းသွားတယ်။
“ နယ်စားကြီးက မစ္စတာဟူဂီအတွက် ဒီစာအိတ်ကို ပေးခိုင်းလိုက်ပါတယ် ”
ဟူဂီက လှမ်းပေးတဲ့ စာအိတ်ကို လက်နှစ်ဘက်နဲ့ လှမ်းယူလိုက်ပါတယ်။ စာအိတ်ပေါ်မှာ ရေးထားတာ ကတော့..
……မစ္စတာဟူဂီနဲ့ မစ္စလော်ရာတို့အတွက် မင်္ဂလာ လက်ဖွဲ့ငွေ……
စာအိတ်ထဲမှာကတော့ ပေါင်တစ်သောင်းတန် ချက်လက်မှတ်တစ်စောင်။ ပေါင်တစ်သောင်းထက် တန်ဖိုးရှိတဲ့ အောက်ပါစကားကို ပြောအပြီး မှာတော့ နယ်စားကြီးစေလွှတ်လိုက်သူက ဟူဂီကို နှုတ်ဆက်ပြီး ထွက်ခွာသွား ပါတော့တယ်။

“ စေတနာဆိုတာ တိုင်းတာလို့ မရစကောင်းပါဘူး။ မေထ္ထာဆိုတာဟာ တကယ့်ကို ရောင်ပြန် ဟတ်တတ်တဲ့ သဘောရှိပါတယ်။ ကိုယ့်စေတနာ ကိုယ်အကျိုးပေးတာပေါ့။ စေတနာကောင်းရင် ကံကောင်းတယ်ဆိုတာ ငြင်းလို့ မရပါဘူး.. ”
<>

ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။
တခါက သူပြောခဲ့ ဖူးတယ်။

“ငါဟာစစ်ပွဲတွေကို ရှုံးကောင်းရှုံးမယ်၊ ငါ့အနေနဲ့ အချိန်ကလေး တစ်မိနစ်
ဆုံးရှုံးသွားတယ်၊ အလဟဿ ဖြစ်သွားတယ် ဆိုတာကိုတော့ ဘယ်သူမှ
တွေ့မြင်ရလိမ့်မယ် မဟုတ်ပေဘူး။ ”

အဲလို ကမ္ဘာ့သမိုင်းမှာ မော်ကွန်းတင်ရတဲ့
အကြီးမြတ်ဆုံးစစ်ဗိုလ်ချုပ်ကြီးတစ်ယောက်ဟာ သူ့ချစ်သူရဲ့ မေတ္တာကို
အပြည့်အ၀မရခဲ့ဘူး ဆိုရင် ဘယ်သူတွေယုံကြမှလဲ။ ဒါတွေဟာ သမိုင်းမှာ
တကယ်ရှိခဲ့တာပါ။

ဒီလိုထင်ပေါ် ကျော်ကြားလှသူတစ်ယောက် အမှန်တကယ် ချစ်မြတ်နိုးခဲ့သူဟာ
ဆင်းရဲသားမုဆိုးမ တစ်ဦးသာဖြစ်တယ်ဆိုရင်ကော……ပိုပြီးစိတ်ဝင်စားဖို့
မကောင်းပေဘူးလား။

ဒီအမျိုးသမီးရဲ့ နာမည်က Marie Josephe Rose Tascher La Pagerie…။
ဒါပေမယ့် သူ့ကို Josephine လို့ပဲ ခေါ်ကြပါတယ်။ နပိုလီယံက သူမထက် ၆ နှစ်
ငယ်ပါတယ်။ သူတို့ ပထမဆုံးစတွေ့တော့ နပိုလီယံက ၂၇ နှစ်၊ သူက ၃၃ နှစ် ။
သူဟာ အလှကြီးလဲ မဟုတ်ပါဘူး၊ သွားတွေလဲ မကောင်းဘူး၊ ကလေး ၂ ယောက်အမေ၊
အကြွေးတွေကလဲ ခေါင်ခိုက်နေပါတယ်။ ပြင်သစ်တော်လှန်ရေးကာလမှာ သူ့
ယောက်ျားဟာ ခေါင်းဖြတ်သတ်ခံခဲ့ရတယ်။ အဲဒီထဲက သူ့မှာ ပစ္စည်းဥစ္စာက ဗလာ၊
အထောက်အပံ့ က နတ္ထိ။

ဒီအမျိုးသမီး မှာ အလွန်တရာ အဖိုးတန်တဲ့ အရာတစ်ခုတော့ ရှိလေရဲ့။
ယောက်ျားတွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကို သိတဲ့အသိ။ သူက
မုဆိုးမတစ်ယောက်၊ အတွေ့အကြုံကရှိပြီးသား။ ဒီတော့ အမြော်အမြင်ရှိတဲ့
မုဆိုးမတစ်ယောက်အဖြစ် နောက်အိမ်ထောင်ပြုဖို့ ခင်ပွန်းသည်တစ်ယောက်
ရှာတာပေါ့။ အဲဒီမှာ နပိုလီယံ အကြောင်းကိုကြားတယ်။ အဲဒီ အချိန် နပိုလီယံ
အနေနဲ့ ကျော်ကြားမှုကမရှိသေးဘူး၊ စစ်မြေပြင်ကပြန်လာခါစ၊ ဒါပေမယ့်
မကြာခင်မှာ ကြီးကျယ်ထင်ရှားလာတော့မှာ၊ ဒီတော့ သူလဲ နပိုလီယံနဲ့
တွေ့ချင်လာတာပေါ့။ (ပုထုဇဉ် လူသားကိုး)

အမျိုးသမီးဟာ ၁၂ နှစ်အရွယ် သားကို နပိုလီယံထံလွှတ်တယ်။ သေသွားတဲ့
ဖခင်ဖြစ်သူရဲ့ စစ်ဓားလွယ်ကို ဆက်သချင်သည်ပေါ့။ နပိုလီယံက လက်ခံတယ်။
နောက်နေ့ … အလှပြင်ထားတဲ့ အမျိုးသမီးဟာ မျက်လုံးအစုံမှာမျက်ရည်တွေဝဲလို့
သူ့ကို ကျေးဇူးတင်ကြောင်းပြောလာတယ်။

ဒီအမျိုးသမီးဟာ သူ့အတွက်တော့ သိပ်ကိုထူးခြားတာပေါ့။ အမျိုးသမီးရဲ့
ဥပဓိရုပ်၊ ညှို့ဓာတ်ဖမ်းစားမှုတွေဟာ သူ့ရင်ကို အလွန်အမင်းလှုပ်ရှားစေခဲ့တယ်။
ဒီလိုနဲ့ ဘဲ ကမ္ဘာ့သမိုင်းဝင် ပုဂ္ဂိုလ်ကြီးရဲ့ နှလုံးသားကို ဒီ အမျိုးသမီး
အပိုင်စားရခဲ့တယ်။ သူတို့လက်ထပ်လိုက်ကြတယ်။

အချိန်ကိုလေးစားသူ နပိုလီယံတစ်ယောက် သူကိုယ်တိုင်မင်္ဂလာဆောင်တဲ့နေ့၊
သူ့ရဲ့ မင်္ဂလာပွဲကိုတော့ အချိန် ၂နာရီ နောက်ကျပြီးမှ ရောက်ခဲ့တယ်။
လက်ထပ်ပေးရမယ့် တရားသူကြီး ခမျာ စောင့်ဆိုင်းရတာ ငြီးငွေ့ ပြီး တသမ်းသမ်း
တဝေေ၀နဲ့ အိပ်ပျော်သွားမိသေးတယ်။

သူလက်ထပ်ပြီး ၄၈ ရက်အကြာမှာ အီတလီဘက်ကို ချီတက်ခဲ့ရတယ်။ ဒီစစ်ပွဲဟာ
နှစ်ပေါင်းတစ်ထောင်အတွင်း ဥရောပတစ်တိုက်လုံး အထိတ်တလန့် ဖြစ်လောက်အောင်
ထူးခြားပြောင်မြောက် တဲ့ တိုက်ပွဲ…..။ အံ့သြဖွယ်ရာတွေထဲက
အံ့သြဖွယ်အကောင်းဆုံးက စစ်ကာလ စစ် မြေပြင်မှာတောင် နပိုလီယံက Josephine
အတွက် စာရေးချိန်ရသေးတယ်။ နေ့စဉ် နေ့စဉ် စာတစ်စောင်စီရေးတယ်။

ဒီစာတွေဟာ သူရေးခဲ့တဲ့ အခြားစာများနှင့်နှိုင်းယှဉ် လျှင်
သိမ်မွေ့လွန်းတယ်လို့ဆိုကြတယ်။ သို့သော်လဲ Josephine ကတော့ ဒီစာတွေကို
အလေးမထားခဲ့ပါဘူး။ နပိုလီယံဆီကို စာပြန်ရန်ပင် သိပ်အလေးမထား။
ကြာလာတာနဲ့အမျှ နပိုလီယံဟာ ချစ်သူရဲ့ ဥပေက္ခာပြုမှုတို့ကို စိတ်ကုန်လာတယ်။
ဒါပေမယ့်လဲ Josephine အပေါ်ထားတဲ့ နပိုလီယံ ရဲ့ မေတ္တာတရားကတော့
ပျက်ပြားမသွားသေးပါဘူး။

ဒါပေမယ့် သူ့အနေနဲ့ သူချစ်တဲ့ အမျိုးသမီးကို ကွာရှင်းခဲ့ရပါတယ်။ အဲဒီလို
ကွာရှင်းလိုက်ရတဲ့အတွက်လဲ သူ့ရဲ့နှလုံးသားတွေ ကြေမွပျက်ဆီးခဲ့ရပါတယ်။
ကွာရှင်းပြီး နောက်မှာ နိုင်ငံရေး အတွက် သြစတြေးလျ ပြည်က အမျိုးသမီး နဲ့
လက်ထပ်ခဲ့ပါတယ်။ ဒီနေရာမှာထူးဆန်းတဲ့ အဖြစ်တစ်ခုရှိပါသေးတယ်။ ဒါကတော့ ဒီ
အမျိုးသမီးဟာလဲ နပိုလီယံကို အလေးမထား ဂရုမစိုက်ခဲ့ပါဘူး။ ဒါကြောင့် သူ
စစ်ပွဲ တွေမှာရှုံးနိမ့်တဲ့ အခါ သူ့ကို ပစ်ပြီး ပြေးခဲ့တယ်။ နောက်ဆုံး
သားအရင်းကိုတောင် သူ့ အဖေအပေါ် မုန်းတီးလာအောင် လေ့ကျင့်သွန်သင်ပေး
ခဲ့တဲ့အထိပါပဲ။

ကမ္ဘာသမိုင်း မော်ကွန်းမှာ အထင်ပေါ်အကျော်ကြားဆုံး ပုဂ္ဂိုလ်တစ်ယောက် ရဲ့
ပထမဆုံးနဲ့ နောက်ဆုံးအချစ်၊ တကယ့်ကို အစစ်အမှန် ချစ်မြတ်နိုးခဲ့ရသူက တော့
Josephine ပါပဲ။ Josephine သေဆုံးပြီးချိန်မှာတောင် သင်္ချိုင်းကိုသွားပြီး
ဝမ်းနည်းပက်လက် ငိုကြွေး ရင်း တမ်းတရေရွတ်မိတာက……..

“ချစ်ရတဲ့ Josephine ရယ်၊ ဘာပဲဖြစ်ဖြစ် မင်းဟာငါ့ရင်ထဲက ပျောက်ပျက်
ပြယ်လွင့်မသွားပါလား”

နောက်ဆုံးးးးး ဒီ ကမ္ဘာမြေပေါ်က နပိုလီယံ ပျောက်ကွယ် သေဆုံးမသွားမီ
နောက်ဆုံး ထွက်သက် အထိ ပြောကြားရေရွတ်သွားတဲ့ နောက်ဆုံးစကားလုံးက ”
Josephine” တဲ့။
1-ရယ်မောပါ

သင့်အနေနဲ့ အူလှိုက်သည်းလှိုက် ရယ်မောပြီးနောက်ပိုင်းမှာ ပိုပြီးနေလို့ ထိုင်လို့ကောင်းလာတာမျိုး ခံစားဖူးမှာပါ ။
ရယ်မောပြီးချိန်မှာ ပုံမှန်အနေထား ပြန်ရောက်သွားပြီဆိုရင် သင့်ရဲ့စိတ်ညစ်စရာ ပြသနာတွေထဲက ခဏတာ လွတ် မြောက်ခွင့် ရသွားလို့ ပိုပြီးလန်းဆန်းသစ်လွင်လာတာကို ခံစားမိမှာပါ။ဒါဟာ လတ်ဆတ်တဲ့ အမြင်သစ် ၊ အတွေးသစ် တွေရရှိဖို့ နည်းကောင်းတစ်ခုပါပဲ။

2-အနားယူချိန် သတ်မှတ်ပါ..

တစ်ခဏတာ စိတ်ကိုအနားပေးပြီး သင့်ရဲ့စိတ်ကူးတွေထဲမှာ မျောနေပါစေ။ ဒါမှမဟုတ် ( 10 )မိနစ်လောက် ကိုယ်နှစ် သက် ရာ ဘလော့ဂ်တွေကို ၀င်ကြည့်တာဖြစ်ဖြစ် ၊ စိတ်ရှင်းသွားအောင် လမ်းလျှောက်တာဖြစ်ဖြစ် လုပ်ပေးပါ။ ဒီလို အနားယူချိန်လေး ထားပေးခြင်းအားဖြင့် သင့်စိတ်ကို တစ်ဖန်ပြန်လည် လန်းဆန်းစေနိုင်ပါတယ်။

3-သင့်မှာ အရာအားလုံးတော့ မရှိနိုင်တာ သဘောပေါက်ပါ

ပိုကောင်းတဲ့အရာကို ရှာဖို့အတွက် သင့်မှာရှိနေတာတစ်ခုကို လက်လွှတ်ဖို့ ကိုယ့်ကိုယ်ကို ဖိအားပေးနေမိတယ်ဆိုရင် ဒါဟာသင့်ကိုယ်သင် စိတ်ပျက်မှု့ တွေဆီကို ခေါ်ဆောင်သွားတာပါပဲ ။ ဒါကြောင့်ဆုံးဖြတ်ချက်ကို ခိုင်မြဲစွာချပြီး
ကိုယ့်ကိုကိုယ်ပြန်ပြီး မေးခွန်းမထုတ်မိအောင် ကြိုးစားပါ။

4-ရှုပ်ပွမှု့တွေကို ရှင်းလင်းပါ

သင့်ဘ၀ဟာ ရှုပ်ထွေးနေတာပဲလို့ ခံစားနေရပါသလား။ ဒါဟာ သင့်အခန်း ၊ စားပွဲပေါ်နဲ့ မြင်နိုင်သမျှ နေရာအားလုံး မှာ သင့်အတွက် မလိုအပ်တာတွေ ပြည့်နှက်နေလို့လဲ ဖြစ်နိုင်ပါတယ်။ မနေ့က အမှိုက်သရိုက်ကို ဒီနေ့မှာရှင်းပစ်နိုင်ဖို့ နည်းနည်းဒုက္ခခံကြိုးစားကြည့်ပါလား။ ဒါပြင် အခန်းသန့်ရှင်းရေးလုပ် ခြင်းကြောင့် ဒီအခန်းထဲမှာ ဘာတွေကတော့ သင့်အတွက်လိုအပ်နေတယ် ။ ဘာတွေကတော့ မလိုအပ်တော့ဘူးဆိုတဲ့ စာရင်းကိုပါ ပြုစုပြီးသားဖြစ်နေ ပါလိမ့်မယ်။

5-၀ါသနာကို ဖော်ထုတ်ပါ

အတွေ့အကြုံသစ်တွေဟာ သင့်ကိုအသိအမြင် တိုးစေတဲ့အပြင် လိုက်လျှောညီထွေသူတစ်ယောက် ဖြစ်စေနိုင်ပါတယ်။ ဟင်းချက်တာနဲ့ အက လေ့ကျင့်ခန်း လုပ်တာမျိုးတွေဟာ ရိုးရှင်းပေမယ့် ၀ါသနာပါသူတစ်ယောက်ကို စိတ်ကျေနပ် နှစ်သိမ့်မှု့ ပေးစွမ်းနိုင်ပါတယ်။ ဒါပြင် အသစ်အသစ်သောဝါသနာတွေကိုပါ အပြောင်းအလဲ လုပ်ကြည့်နိုင်ပါတယ်။

6-အရေးကြီးတဲ့နေရာတွေမှာ ရင်းနှီးမြုပ်နှံပါ

ကျွန်မတို့ဟာ ရိုးသားမှု့ ၊ သစ္စာရှိမှု့ စတဲ့ မိမိတန်ဖိုးထားတဲ့အရာတွေကို ဆုပ်ကိုင်ထားပြီး ရှင်သန်နေကြတာပါ။
ကိုယ်ချစ်တဲ့သူတွေနဲ့အတူ ၄င်းအရာ တွေကို ပျိုးထောင်ပါ။ ကိုယ့်ကို ပြုမူဆက်ဆံစေချင်တဲ့ ပုံစံအတိုင်း အခြားသူ တွေကို ဆက်ဆံပြုမူပါ။ သင်ပေးအပ်တာနဲ့ ညီမျှတဲ့ တန်ပြန်သက်ရောက် မှု့မျိုး ရရှိလာပါလိမ့်မယ်။

7-ငြင်းဆန်ဖို့ ကြိုးစားပါ

သင်မုန်းတီးနေတဲ့အရာတွေကို မလုပ်နိုင်တဲ့အပေါ် ကိုယ့်ကိုယ်ကို အပြစ်မြင်ဖို့ မလိုပါဘူး။ တကယ်လို့ သင့်မိသားစုနဲ့ သင့်သူငယ်ချင်းတွေက သင့်ကို အပြစ်တင်မယ်ဆိုရင် သူတို့ကို ဘာလို့ငြင်းဆန်ရတယ်ဆိုတာ ပြောပြပါ။ ဒါဆိုရင် သင့်ရဲ့ဆုံးဖြတ်ချက်ကို သူတို့လဲ နားလည်နိုင်ပါလိမ့်မယ်။

8-အကောင်းမြင်ပါ

ကျွန်မတို့ အမြဲလိုလို မျက်စိလျှမ်းနေတက်တာက ကျွန်မတို့ရဲ့ ကံကြမ္မာကိုကျေးဇူးတင်ဖို့ပါ။ လေ့လာချက်များအရ ကိုယ်တန်ဖိုးထားတဲ့အရာ( ဥပမာ - မိသားစုနဲ့ အတူနေရခြင်း ) ကိုရရှိတဲ့သူတွေဟာ တစ်ခုခုကို တန်ဖိုးမထားတက် တဲ့လူတွေ ( ဥပမာ - ငွေကိုသာရှာဖွေနေခြင်း) ထက် ပိုပြီးပျော်ရွှင် ကြပါတယ်တဲ့ ။ ငွေကြေးနဲ့ အောင်မြင်မှု့တွေဟာ
ပျော်ရွှင်မှု့ကို မ၀ယ်ယူနိုင်ပါဘူး။ ဒါကြောင့် ကိုယ့်မှာရှိတဲ့အရာတွေကို မြတ်နိုးတန်ဖိုးထားတက်တဲ့ သူတစ်ယောက် ဖြစ်အောင် ကြိုးစားနေထိုင်မယ်ဆိုရင် ပျော်ရွှင်တဲ့သူတစ်ယောက် ဖြစ်နိုင်ပါပြီ။

9-သင့်ရဲ့ စွမ်းဆောင်နိုင်မှု့ကို အသုံးပြုပါ

စိတ်ပညာရှင်တွေရဲ့ တွေ့ရှိချက်များအရ သင့်စွမ်းရည်ကို ယုံကြည်စိတ်ချပြီး ပုံမှန်အသုံးပြုပေးမယ်ဆိုရင် သင့်ကိုပိုမို ပျော်ရွှင်စေနိုင်တယ်လို့ ဆိုပါတယ်။တကယ်လို့ သင်ကပုံဆွဲတော်သူ တစ်ယောက်ဆိုရင် သင့်သူငယ်ချင်းရဲ့ မင်္ဂလာ ဖိတ်စာအတွက် ဒီဇိုင်းလေးတွေ ဖန်တီးနိုင်ပါတယ်။ ဒါဟာလည်း သင့်စွမ်းအားတွေကို အသုံးချခြင်းတစ်မျိုးပါပဲ။ ဒါမှမဟုတ် ၀က်ဘ်ဆိုဒ်တစ်ခုကို ဖန်တီးရတာ ၀ါသနာထုံတယ်ဆိုရင်လဲ အသစ်အသစ်တွေကို ဖန်တီးနိုင်ပါတယ် ။ ဒီလိုလုပ်ခြင်းဟာ သင့်ရဲ့လုပ်ဆောင်မှု့ စွမ်းရည်နဲ့ ကိုယ့်ကိုကိုယ်တန်ဖိုးထားခြင်းကို မြင့်တင်စေနိုင်ပါတယ်။

10-စိတ်စေတနာကောင်းထားပါ။

ဒီအချက်တွေကို လိုက်နာနိုင်မယ်ဆိုရင် သင်ဟာဒီထက်ပိုမို ကျေနပ်ပျော်ရွှင်ပြီး နှိုင်းယှဉ်မရတဲ့ ပီတိကို ခံစားရပါလိမ့် မယ်။ အများအကျိုးအတွက် မိမိရဲ့ကိုယ်ပိုင်ငွေကို လှူဒါန်းနိုင်သူတွေဟာ ကိုယ်ကျိုးအတွက် သုံးစွဲသူတွေထက် ပိုမို ပျော်ရွှင်မှု့ရတက်ကြပါတယ်။အလှူဒါနပြုသူတွေဟာ ၀င်ငွေကောင်း သည်ဖြစ်စေ ၊ မကောင်းသည်ဖြစ်စေ စေတနာ ဖြူစင်တဲ့အတွက် စိတ်ချမ်းသာမှု့ ရကြပါတယ်။ ဒါကြောင့် သူတစ်ပါးအပေါ် စိတ်စေတနာကောင်းထားပြီးကူညီပေး ကြရအောင်ပါ။

သူငယ်ချင်းအားလုံးရယ်မောပျော်ရွှင်နိုင်ကြပါစေ
ဆန္ဒများစွာဖြင့်
ငွေလရောင်
တစ်ခါတုန်းက လူတစ်ယောက်ဟာ တစ်ညမှာ နတ်မင်းကြီးတစ်ပါးနဲ့ ကြုံခဲ့တယ်။ နတ်မင်းကြီးက လူငယ်ကို အပြောင်းအလဲတစ်ခု သူ့ကိုယ်ပေါ်ကျရောက်နိုင်ကြောင်း၊ သူ့မှာသူဌေးဖြစ်နိုင်တဲ့၊ ရာထူးအရှိန်အဝါတွေ ကြီးမြင့်နိုင်တဲ့၊ လှပတဲ့ဇနီးတစ်ဦး ပိုင်ဆိုင်နိုင်တဲ့ အခွင့်အရေးတွေ အများကြီးရှိကြောင်း ပြောခဲ့တယ်။

လူငယ်က နတ်မင်းကြီးပြောခဲ့တဲ့အတိုင်း ထူးခြားတာတွေ သူ့အပေါ်ကျရောက်မယ့်နေ့ကို စောင့်နေခဲ့တယ်။ ဒါပေမယ့် နှစ်လရာသီတွေသာ ပြောင်းသွားတယ်။ သူ့ဘဝဘာမှ မထူးခြားခဲ့ဘူး။ အဲဒီလို တစ်ယောက်တည်း တစ်သက်လုံး ဆင်းဆင်းရဲရဲနဲ့ ကွယ်လွန်သွားခဲ့ရတယ်။

ကွယ်လွန်ပြီးနောက် နတ်မင်းကြီးနဲ့တွေ့ခဲ့ပြန်တယ်။ နတ်မင်းကြီးကိုတွေ့တာနဲ့ သူက "နတ်မင်းကြီး.... အရှင်ပြောတော့ ကျွန်တော်သူဌေးဖြစ်မယ်ဆို၊ ရာထူးကြီးကြီးမားမားနဲ့ ဇနီးချောချောရမယ်ဆို အခုတော့ ကျွန်တော်တစ်သက်လုံး စောင့်နေခဲ့တာ ဘာမှလည်းမရခဲ့ဘူး" လို့ ပြောတယ်။

အဲဒီအခါ နတ်မင်းကြီးက "အသင်ကို သူဌေးဖြစ်နိုင်တဲ့၊ ရာထူးရနိုင်၊ ဇနီးချောချောရနိုင်တဲ့ အခွင့်အရေးပေးမယ်လို့ပဲ ပြောခဲ့ပါတယ်။ ဒါပေမယ့် ခင်ဗျားက ဒီအခွင့်အရေးတွေကို လက်လွတ်ခဲ့တယ်" လို့ ပြောတော့ လူငယ်က "အရှင်နတ်မင်းပြောတာကို ကျွန်တော်သဘောမပေါက်ဘူး" လို့ဆိုတယ်။

နတ်မင်းကြီးက ဆက်ပြီးပြောပြန်တယ်။

"တစ်ခါတုန်းက ချမ်းသာနိုင်တဲ့ အခွင့်ကောင်းတစ်ခုကို အသင်ရခဲ့တယ်မဟုတ်လား? ဒါပေမယ့် အသင် မလှုပ်ရှားခဲ့ဘူး။ ဆုံးရှုံးမှာကိုကြောက်ပြီး အသင်သွားမစမ်းသပ်ခဲ့ဘူး။ ဒါကို တစ်ခြားတစ်ယောက်က မကြောက်မရွံ့နဲ့ သွားလုပ်ခဲ့တယ်။ အဲဒီလူဟာ နောက်ဆုံးမှာ မြို့ပေါ်က အချမ်းသာဆုံးလူဖြစ်သွားခဲ့တယ်။ နောက်တစ်ခုရှိသေးတယ်.... အသင်မှတ်မိရဲ့လား! မြို့ပေါ်မှာ ငလျှင်လှုပ်တဲ့အခေါက်တုန်းက အိမ်တော်တော်များများ ပြိုကုန်တယ်။ လူတွေအများကြီး ပိတ်မိနေကြတယ်။ လူတွေကိုကယ်တင်၊ ကူညီနိုင်တဲ့ အခွင့်အရေး အသင်မှာရှိပေမယ့် အသင်သွားမကူညီခဲ့ဘူး။ အသင်မရှိတုန်း အသင့်အိမ်ကို သူခိုးဝင်မှာစိုးတယ်၊ လုယှက်မှာစိုးတယ်ဆိုတဲ့ ဆင်ခြေတွေနဲ့ မျက်စိရှေ့ကအဖြစ်တွေကို အသင်မျက်စိမှိတ်ရှောင်လွဲခဲ့ပြီး ကိုယ့်အိမ်ကိုပဲ စောင့်နေခဲ့တယ်"

နတ်မင်းကြီးရဲ့စကားကို လူငယ်ကဟုတ်မှန်ကြောင်း အားနာပါးနာနဲ့ ခေါင်းညိတ်တယ်။

"လူတွေကို ကယ်တင်၊ ကူညီနိုင်တဲ့အခွင့်အရေးက အသင်ကိုရော၊ အသင့်မြို့ကိုပါ ဂုဏ်တက်စေနိုင်ပေမယ့် အသင်လက်ရှောင်ခဲ့တယ်။ ပြီးတော့ ဆံပင်နက်မှောင်တဲ့ မိန်းမပျိုငယ်လေးတစ်ယောက်ကို အသင်မှတ်မိသေးလား! အဲဒီကောင်မလေးက အသင့်ကို အစွဲလမ်းကြီး စွဲလမ်းစေခဲ့တယ်လေ။ သူကလွဲရင် အသင်ဘယ်သူကိုမှ မချစ်ဘူးလို့ ဆုံးဖြတ်ထားပေမယ့် အသင်ဖွင့်မပြောရဲခဲ့ဘူး။ ဖွင့်ပြောရင်လည်း အသင်ကို သူချစ်လာနိုင်မှာမဟုတ်ဘူး။ လက်ထပ်ဖို့ဆို ပိုဝေးတယ်လို့ အသင်ထင်ပြီး အငြင်းဆန်ကိုခံရမှာကြောက်တာနဲ့ အသင်ဖွင့်မပြောခဲ့ဘူးလေ။ အခွင့်ကောင်းတွေကို အသင်ဘေးကနေ တိတ်တဆိတ် အသင်ဖြတ်ကျော်စေခဲ့တာပဲ မဟုတ်လား!"

နတ်မင်းကြီးပြောသမျှကို လူငယ်က ခေါင်းတညိတ်ညိတ်နဲ့ ဝန်ခံနေခဲ့တယ်။ သူ့မျက်လုံးအိမ်မှာလည်း မျက်ရည်တွေဝဲနေခဲ့တယ်။

"သူပါပဲ.. အသင့်ဇနီးဖြစ်နိုင်သူဟာ အဲဒီကောင်မလေးပါပဲ။ ဘဝတစ်ခုကို ပျော်ရွှင်အောင် ဖန်တီးနိုင်တဲ့အခွင့်အရေး အသင်မှာရှိပေမယ့် အဲဒီအခွင့်အရေးတွေကို ခင်ဗျားလက်လွတ်ခဲ့တယ်"

ကျွန်တော်တို့ရဲ့ နေ့ရက်တွေမှာလည်း အခွင့်အရေးတွေနဲ့ လည်ပတ်နေပါတယ်။ အဲဒီအခွင့်အရေးတွေထဲမှာ အချစ်၊ အလုပ်အကိုင်၊ ရာထူး၊ စည်းစိမ်ဥစ္စာတွေ ပါနိုင်ပါတယ်။ ဒါပေမယ့် လူအများက ကြောက်တဲ့စိတ်နဲ့ ရှေ့တိုးမယ့်ခြေလှမ်းကို ရပ်တန့်လိုက်တတ်ကြပြီး အခွင့်အရေးကို လက်လွတ်လိုက်တတ်ကြတယ်။

အငြင်းဆန်ခံရမှာကိုကြောက်ပြီး လူတွေနဲ့ ကျွန်တော်တို့ မဆက်ဆံရဲခဲ့ကြဘူး။
အလှောင်ခံရမှာကိုကြောက်ပြီး လူတွေနဲ့မပြောဆိုရဲ၊ ထုတ်ဖော်မပြောရဲခဲ့ဘူး။
ဆုံးရှုံးရမှာကိုကြောက်ပြီး တစ်ပါးသူအတွက် မပေးဆပ်ရဲခဲ့ကြဘူး။
မအောင်မြင်မှာကိုကြောက်ပြီး သွားမစမ်းသပ်ရဲခဲ့ကြဘူး။

ဒီလိုနဲ့ အခွင့်အရေးတွေက ကျွန်တော်တို့အပါးကနေ တိတ်တဆိတ် ဖြတ်ကျော်သွားခဲ့ကြတယ်။
နော်လည်း လွတ်မြောက်လာတဲ့ ဆော်လေးတစ်ဗွေနဲ့ ဆုံဖူးပါတယ်ဗျာ.....သူပြောပြတာလေးတွေ ကိုပြန်လည် မျှဝေတာပါနော် သူက ရန်ကုန်ဒလ မှာနေပါတယ်......မူဆယ်ကနေ ကျွန်တော့ကားကို 80000 ပေးပြီး အမြန်မောင်းခိုင်းပါတယ်..... သူ့ပုံစန်က ကြောက်လန့်နေတဲ့ ပုံစံမျိုးလေးပါကျွန်တော်လည်း အမြန်မောင်းပေးရတာပေါ့ဗျာ 80000 ပေးထားတာ ဆိုတော့.... ကွတ်ခိုင် ရောက်တော့ ထမင်းစားမယ်ဆိုပြီး ပြောတော့ သူက လားရှိုးရောက်မှ စားပါတဲ့ ကျွန်မက ဒီလိုဒီလိုဖြစ်ခဲ့လို့ပါ ဆိုပြီး ပြောပြ ပါတယ် ...လားရှိုး ရောက်တော့လည်း သင့်တော်တဲ့ ဟိုတယ်ကို ရှာပေးပြီး ကျွန်တော် မေးကြည့် လိုက်ပါတယ်....

"ဘယ်လို ဖြစ်တာလည်းဗျ အမက......."
"ကျွန်မကို အလုပ်ရှိတယ် လခများများ ရမယ်ဆိုပြီး အမကြီးတစ်ယောက်က လာခေါ်တယ် မူဆယ် ရောက်တော့ တရုတ်ကောင်လေး ချောချောလေးနဲ့ တွေ့ပေးပြီး သူ့ကို ယူခိုင်းတယ်.. ကျွန်မကလည်း ကောင်လေးက ချောတော့ သဘောကျတာပေါ့...လက်မှတ်ထိုးပြီး ယူလိုက်တယ်...ယူပြီး နောက်ရက်တော့ တရုတ်ပြည်ကို ခေါ်သွားတယ် ပြည်မကြီး ရောက်တော့ ခြေပြတ်နေတဲ့ အဖိုးကြီးဆီ ရောင်းစားတယ်။ ကျွန်မကို တရုတ်ငွေ 20000 နဲ့။ ပြီးတော့ သူက ပြန်သွားတယ်။ ကျွန်မကို အပြင်လည်း ပေးမထွက်ဘူး.....စားချင်တာ သောက်ချင်တာတွေတော့ အကုန်လုပ်ပေးတယ်။ ခိုင်းလည်းခိုင်းတယ်။ ပိုက်ဆံလည်း ပေးကိုင်ပါတယ်။ ဒါပေမယ့် အပြင်ကိုတော့ အစောင့်တွေနဲ့ လွှတ်တယ်။ ၀ယ်ချင်တာ အကုန် ၀ယ်ယူ ခွင့်ပြုတယ်......ကျွန်မလည်း ဆွဲကြိုးလက်စွပ် နားကပ်တွေ ၀ယ်ခိုင်းတာ ပေါ့.... အကုန်ဝယ်ပေးပါတယ်..... ဒါပေမယ့် နေရတာက မသန်စွမ်းတဲ့ အဖိုးကြီးနဲ့ဆိုတော့ ထွက်ပြေးဖို့ စီစဉ်ရတာပေါ့။ အစောင့်ကောင်လေးကို ညုပြီး သူလုပ်ချင်တာတွေကို လုပ်ပေးပြီး စုထားတဲ့ပိုက်ဆံတွေကို ယူပြီး သူ့အကူညီနဲ့ ခွေးမြင် ကားစီးပြီး ရွေလီကို ပြန်ရောက်ပါတယ်.... ကံကောင်းချင်တော့ အစစ်ဆေးတွေကို ရှောင်နိုင်ခဲ့ပါတယ်....ရွေလီရောက်တော့ သူတို့တွေက ဖုန်းနဲ့ချိတ် ပုံပြပြီး လိုက်ရှာကြပါတယ်.... ကြောက်ကြောက်နဲ့ ကျယါဂေါင်ကို အမြန်လာပြီး ခိုးပေါက်ကနေ မူဆယ်ကို ပြေးလာရပါတယ်... ကံကောင်းချင်တော့ ခိုးပေါက် ကျော်တာနဲ့ သူတို့က မလိုက်ရဲတော့ဘူး...ဒါပေမယ့် ဖုန်းဆက်ပြီး မူဆယ်က သူ့လူတွေကို ရှာခိုင်းတာပေါ့.... ဒါကြောင့် အကို့ကို အမြန်မောင်းခိုင်းတာပေါ့....ကျွန်မတော့ ကံကောင်းလို့ ပြန်ရောက်လာတာပါ..... ဟိုမှာ မြန်မာမလေးတွေ အများကြီးပဲ တွေ့ခဲ့ရပါတယ်.. တချို့ဆိုရာမတွေရှု.... ဘိန်းတွေရှုပြီး ကြေကွဲစွာနဲ့ပဲ သူတို့ဘ၀ကို ဇာတ်သိမ်းတဲ့ သူတွေလည်း ရှိသလို.... တချို့ဆို အိမ်ကိုပဲ ပိုက်ဆံလှန်းထောက်ပြီး နာကျင်စွာနဲ့ ပြေးမလွတ်တာတွေလည်း ရှိပါတယ်...... ကျွန်မတို့ မိန်းကလေးတွေ အတွက် အလုပ်ပေါတယ် ဆိုတာ ကျွန်မတော့ နားလည်သွားပါပြီ"

လို့သူကပြောပါတယ်......ကျွန်တော်ကတော့ တရုတ်နယ်စပ်မှာ နေပြီး ကားမောင်းတာ ဆိုတော့ တွေ့ဆုံတာတွေတော့ များပါတယ်။ ကျွန်တော် အဓိက ပြောချင်တာကတော့ သူငယ်ချင်းများ ကျေးဇူးပြုပြီး ဒီဟာလေးကို မေးလ်ကနေ တစ်ဆင့် မျှဝေပေးကြပါလို့ပဲ တောင်းဆိုပါရစေဗျာ...မိန်းမလှလေးများ သတိပြုနိုင်အောင်လို့ပါဗျာ.....လှလေ ဈေးပို ရလေပါပဲတဲ့..... ကောင်မလေးကိုတော့ ရန်ကုန်ကားဂိတ်ကို လက်မှတ်ဖြတ်ပေးပြီး ပို့ပေးလိုက်ပါပြီဗျာ.....သူ့လို မြန်မာ မိန်းကလေးများ မဖြစ်ရလေအောင် တတ်စွမ်းနိုင်သလောက် ကူညီပေးကြပါလို့ တောင်းဆိုပါရစေဗျာ...... ဒီစာစုလေးကို မူမပျက် မေးလ်ကနေ သယ်ရင်းများ မျှဝေပေးပါနော်...... အားလုံး မျှဝေလိုက်ရင်တော်တော်လေး သိကုန်မယ်လို့ မျှော်လင့်ထား ပါတယ်ဗျာ....... မျှဝေရင်လည်း မူမပျက် မျှဝေပေးကြပါလို့ တောင်းဆိုပါရစေဗျာ......... စာနာ နားလည်နိုင် ကြပါစေလို့ ဆုတောင်း ပေးလိုက်ပါ တယ်ဗျာ..... ကြုံတာလေးတွေကိုလည်း ဆက်လက် မျှဝေပေးဖို့ ရှိပါတယ်ဗျာ...... အားလုံးသော မြန်မာမိန်းကလေးများ ထာဝရပျော်ရွင်စွာနဲ့  မြန်မာနိုင်ငံ မှာပဲ မိဘတွေနဲ့ ပျော်ရွင်သောဘ၀ကိုဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်ဗျာ.................


ရရှိလာသော forward mail အတိုင်း ပြန်ပြီး တင်ပေးလိုက်ပါသည်။ တစုံတရာ ပြင်ဆင်ခြင်း မရှိပါ။ မြန်မာ မိန်းကလေးများ အထူး သတိပြုသင့်ပါသည်။